သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ်ဆုကြောင့် နော်ေ၀၀န်ကြီးကို တရုတ် လက်ခံတွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်း


နိုဘယ်လ်ဆုကြောင့် နော်ေ၀၀န်ကြီးကို တရုတ် လက်ခံတွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်း

ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ နော်ဝေ ရေလုပ်ငန်းဝန်ကြီး မစ်စ် လစ်စ်ဘက်သ် ဘာ့ဂ် ဟန်ဆန် (Lisbeth Berg-Hansen) နဲ့ တရုတ် ရေလုပ်ငန်း ဒု-၀န်ကြီးတို့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးကြမယ့် အစီအစဉ်ကို တရုတ်ဘက်က ဖျက်သိမ်းလိုက်တယ်လို့ နော်ဝေအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆိုခဲ့ပါတယ်။

ဘာကြောင့် ဖျက်သိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်ကို တရုတ်ဘက်က ကြေညာခဲ့ခြင်း မရှိဘူးလို့ မစ်စ် ဘာ့ဂ် ဟန်ဆန်က ပြောပါတယ်။

ဒါဟာ နော်ဝေ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက ၂၀၁၀ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အခုအခါ တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြမ်းမဖက် လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကို ပေးအပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ နော်ဝေ အစိုးရက ပြောပါတယ်။

မစ်စ် ဟန်ဆန်ဟာ ရှန်ဟိုင်းမြို့ ကမ္ဘာ့ ကုန်စည်ပြပွဲက နော်ဝေနိုင်ငံ ပြခန်းကို သွားရောက်ဖို့လည်း ရှိနေပါတယ်။

လျူရှောင်ဘိုဟာ ၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံရေးကို အမြစ်ကလှန်ပြီး ပြုပြောင်းလဲဖို့ တောင်းဆိုထားတဲ့ ပဋိညာဉ်စာတမ်းအမှတ် ၀၈ ကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့စာတမ်းကို ပညာရှင်တွေနဲ့ သာမန်ပြည်သူတွေ ၀ိုင်းဝန်း လက်မှတ်ရေးထိုးတဲ့ အစီအစဉ်ကို ဆောင်ရွက်ခဲ့တာကြောင့် တရုတ်အာဏာပိုင်တွေက ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

မနေ့ တနင်္ဂနွေနေ့မှာ ခင်ပွန်းဖြစ်သူကို အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံပြီး ဘေဂျင်းမြို့က နေအိမ်ကို ပြန်လာတဲ့ လျူရှောင်ဘိုရဲ့ဇနီး မစ်စ် လျူရှား (Liu Xia) က သူ့ကို အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားလိုက်တယ်၊ တယ်လီဖုန်း အဆက်အသွယ်တွေလည်း ဖြတ်တောက်ထားတယ်လို့ အင်တာနက်ပေါ်က တွစ်တာ (Twitter) ကွန်ယက်ထဲမှာ ပြောဆိုခဲ့ပါတယ်။

အကျဉ်းကျနေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုက သူရရှိတဲ့ဆုဟာ ၁၉၈၉ ခုနှစ် တိန်အန်မင်ရင်ပြင် ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းခဲ့လို့ သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG