နော်ဝေးနိုင်ငံမှာ လူပေါင်း ၇၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းသွားမယ်လို့ ဝန်ကြီးချုပ် ယွန်း စတိုလ်တန်ဘာ့ဂ် (Jens Stoltenbeg) က ပြောပါတယ်။
နော်ဝေးနိုင်ငံသား အစွန်းရောက် အမျိုးသားရေးဝါဒီ တယောက်ရဲ့ သောကြာနေ့ တိုက်ခိုက်မှုကနေ သင်ခန်းစာ ယူနိုင်အောင် ထောင့်ပေါင်းစုံက စုံစမ်းစစ်ဆေးဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ဓားစာခံ ဖြစ်ကြရသူတွေအတွက် ဝမ်းနည်း ကြေကွဲရတဲ့အချိန် ကျော်လွန်တဲ့အခါ နော်ဝေးလုံခြုံရေး လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေအပေါ် ပြန်လည် သုံးသပ်သွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲအတွင်း ကတိပေးခဲ့ပါတယ်။
အာဏာရ လေဘာပါတီရဲ့ အစည်းအဝေးအတွက် လူငယ်တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ တက်ရောက်နေတဲ့ နိုင်ငံတောင်ပိုင်းက အိုတိုယာကျွန်းပေါ်က ပစ်ခတ်မှုမှာ ရဲတွေရဲ့ တုံ့ပြန်မှုဟာ နှေးကွေးတယ်လို့ နော်ဝေးနိုင်ငံတွင်းမှာ ဝေဖန်ခံနေရတာပါ။
ကျွန်းပေါ်ကို ပထမဆုံး ရောက်သွားတဲ့ ရဲတပ်ဖွဲ့ဝင် တယောက်ကတော့ အသက် ၃၂ နှစ်အရွယ်ရှိ သေနတ်သမားဟာ လက်နက်ကိုင်ရဲတွေ သူ့ကို ဝိုင်းထားပြီ ဖြစ်တဲ့အကြောင်း အော်ဟစ်တဲ့အခါ ခေါင်းပေါ် လက်မြှောက်ပြီး အဖမ်းခံခဲ့တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း နော်ဝေးနိုင်ငံမှာ ဒီလိုသတ်ဖြတ်မှု မဖြစ်ခင်မှာပဲ တိုက်ခိုက်သူထံကနေ အီးမေးလ် လက်ခံရရှိခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံက ဥပဒေပြု အမတ်တယောက်က ပြောဆိုလိုက်ပါတယ်။
တိုက်ခိုက်မှု ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ အန်ဒါးစ် ဘာရင် ဘရက်ဗစ်ခ် (Anders Behring Breivik) ဟာ သူနဲ့အတူ နောက်ထပ် လူ ၁,၀၀၀ လောက်ထံ သူ့ရဲ့ကြေညာချက်ကို အီးမေးလ် ပေးပို့ခဲ့တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံက အခြေချ နေထိုင်ခွင့်ပြုရေး မူဝါဒတွေကို ဆန့်ကျင်တဲ့ Vlaams Belang ပါတီက အမတ်တဦးဖြစ်တဲ့ တန်ဂိုင် ဗေးစ် (Tanguy Veys) က ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့တာပါ။