သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေဘုရင် မြန်မာပြည် လာမည်


နော်ဝေဘုရင် Harald နဲ့ Sonja
နော်ဝေဘုရင် Harald နဲ့ Sonja

မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို ကူညီအားပေးတဲ့အနေနဲ့ နော်ဝေးဘုရင်နဲ့မိဖုရားတို့ဟာ ဒီဇင်ဘာလ (၁) ရက်ကနေ (၅) ရက်နေ့ထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိမှာပါ။ ဒီခရီးစဉ်ဟာ နော်ဝေး-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ စနေနေ့က မြန်မာနိုင်ငံကို ကြိုတင်ရောက်ရှိလာတဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ လိုက်ပါလာတဲ့ သူရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းတို့ရဲ့ဖိတ်ကြားချက်အရ ပထမဆုံး အကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နော်ဝေးဘုရင် Harald ဟာဒါးလ်နဲ့မိဖုရား Sonja ဆွန်ရာ တို့ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ (၁) ရက်နေ့ တနင်္လာနေ့မှာ ရောက်ရှိမှာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ရှေ့ပြေးအဖြစ်ရောက်ရှိနေတဲ့ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“နော်ဝေးဘုရင်နဲ့မိဖုရားတို့ရဲ့ ခရီးစဉ်ဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အကူအညီပေးဖို့ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖြစ်ထွန်းပြီးရလဒ်ကောင်း ပေါ်ထွက်စေဖို့အတွက် နော်ဝေးနိုင်ငံက ဘယ်လောက် အလေးအနက် ထားသလဲဆိုတာကိုလည်း ပြသလိုခြင်းဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီ ပံ့ပိုးမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် ခရီးစဉ်မှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌတို့ကိုတွေ့ဆုံမှာပါ။”

နော်ဝေးဘုရင်နဲ့မိဖုရားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံဖို့ရှိပါတယ်။ လက်ရှိ မြန်မာ့ ပြုပြင်ပြောင်းလဲရေးရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားတဲ့အချိန်မှာ အခုလို နော်ဝေးဘုရင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာတာနဲ့ပတ်သက်လို့လည်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဆက်လက်ဖြစ်ထွန်းသွားတာကို နော်ဝေးနိုင်ငံက တွေ့မြင်လိုပါတယ်။ ဒါကြောင့်လည်းဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ဒီအချက်ကိုပဲအဓိကပြောသွားတာပါ။ ဒါဟာလည်း အစိုးရနဲ့အတိုက်အခံနှစ်ဘက်စလုံးအတွက် စိန်ခေါ်ချက်ဖြစ်ပြီး လိုအပ်တဲ့ညှိုနှိုင်းသဘောတူညီချက်တွေ၊ အပေးအယူလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။”

အသက် (၇၇) နှစ်အရွယ် နော်ဝေးဘုရင်ရဲ့ပထမဆုံးအကြိမ်မြန်မာခရီးစဉ်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိသလို ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ဒါ့အပြင် နော်ဝေးဘုရင်နဲ့ မိဖုရားဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ စတဲ့ မြန်မာဒေသအနှံ့အပြားကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG