နော်ဝေးနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ အန်းဒါးစ် ဘယ်ရင်း ဘရက်ဗစ်ခ် (Anders Behring Breivik) ဟာ စိတ္တဇ ဝေဒနာသည်တဦး ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုလိုက်ပါတယ်။
တရားခံ ဘရက်ဗစ်ခ်ရဲ့ အကျိုးဆောင်ရှေ့နေ ဂိုင်း လစ်ပ်စတက် (Geir Lippestad) က သောကြာနေ့က ၇၆ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပေါ် လူထုရဲ့ တုံ့ပြန်ချက်တွေကိုရော သေဆုံးသူ ဦးရေကိုပါ ဘရက်ဗစ်ခ်က ဘာမှ မသိရှိဘူးလို့ အော့စ်လိုမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
သူ့ရဲ့အမှုသည် အနေနဲ့ ရူးသွပ်နေပါတယ်လို့ ဝန်ခံ ထွက်ဆိုသွားမလား ဆိုတာကတော့ ပြောဖို့ စောသေးတယ်လို့ ပြောပါတယ်။
အော့စ်လိုမြို့လယ်မှာ ဗုံးခွဲခဲ့တာနဲ့ လူငယ်စခန်းကို သေနတ်နဲ့ ပစ်ခဲ့တာတွေကို ဘရက်ဗစ်ခ်က ဝန်ခံ ဖြောင့်ချက်ပေးခဲ့ပေမဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စွဲဆိုတာကိုတော့ အပြစ်မရှိဘူးလို့ ပြောပါတယ်။
ဥရောပကို မွတ်ဆလင်တွေက ကိုလိုနီအဖြစ် သိမ်းပိုက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူက အခုလို လှုပ်ရှားခဲ့ရတာလို့ ပြောပါတယ်။
ရှေ့နေ လစ်ပ်စတက်ကတော့ သူ့ရဲ့အမှုသည်ဟာ ကြံ့ခိုင် အားရှိအောင် ဆေးသောက်နေရတဲ့အကြောင်း နော်ဝေးမှာရှိတဲ့ အစ္စလမ်ဆန့်ကျင်ရေး အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ပြောပေမဲ့ နော်ဝေး ရဲတပ်ဖွဲ့နဲ့ သုတေသီတွေကတော့ သူ့ရဲ့အပြောအပေါ် သံသယတွေ ပွားနေကြပါတယ်။