သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာဥပဒေ ပြန်ကြားရေးဝန်ကြီးနဲ့ ဆွေးနွေးပေမဲ့ ပြေလည်မှုမရ


Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြားနေစဉ် (၁၂ သြဂုတ် ၂၀၁၃)
Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြားနေစဉ် (၁၂ သြဂုတ် ၂၀၁၃)
အချေအတင်ဖြစ်နေရတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းသမားတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပေမဲ့ တိတိကျကျ ပြေလည်မှု တစုံတရာတော့ မရခဲ့ကြပါဘူး။

ဒီ့အတွက်လည်း ဆက်လက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွား မှာဖြစ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီ ယာယီ နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကြား မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါ
တယ်။ တွေ့ဆုံမှုတွေအပြီး ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တို့ တွေ့ဆုံမှုအပြီး ဆက်လက် ဆွေးနွေးဖို့ကိစ္စတွေ ရှိနေသေးတယ်ဆိုတဲ့ အကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် က ပြောပါတယ်။

“ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အခု ဒီကနေ့ လုပ်တဲ့ အစည်းအဝေးဟာ Divisive ဖြစ်နေတဲ့ ကွဲလွဲနေတဲ့ Ideas တွေကို ပြန်စုစည်းတဲ့ အစည်းအဝေးပါပဲ။ ကျနော်တို့မှာ မတူကွဲပြားတဲ့ သဘောထားလေးတွေရှိပါ တယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ တန်ဖိုးရှိတဲ့ အယူအဆ အသစ်တွေ ပေါ်ထွန်း လာစေမယ့် ပိုမိုပြီးတော့ တန်ဖိုးရှိတဲ့ ရလဒ် ပေါ်ပေါက်လာစေဖို့ အကြောင်းတရားတွေ ဖြစ်ပါတယ်။”

စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံမှုတွေ လုပ်အပြီးမှာ ပြန်ကြားရေးဝန်ကြီးဌာန က မြန်မာ့မီဒီယာ ပုံစံကို လူမှုတာဝန်သိ မီဒီယာ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ လုပ်ဆောင်နေတယ် ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့မီဒီယာ ပုံစံကို လူမှုတာဝန်သိ မီဒီယာကိစ္စ အဖြစ် ပြောင်းလဲနေတဲ့အပေါ်မှာတော့ သတင်းမီဒီယာကောင်စီအနေနဲ့ လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုတော့ သတင်းမီဒီယာကောင်စီဝင်တွေနဲ့ ညှိနှိုင်းပြီးမှ ပြောနိုင်မယ်လို့ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

“ဒီနေ့ပြောတဲ့ ဒီနေ့ဆွေးနွေးတဲ့ Social Responsibility ပတ်သက်ပြီးတော့ ကျနော်တို့က ချက်ချင်း အကြောင်းမပြန်ဘူး။ ပြီးတော့မှ ကျနော်တို့ Press Council Meeting သပ်သပ်လုပ်ပြီးတော့မှ ကျနော်တို့က သူတို့ကို အကြောင်းပြန်မယ်။”

အရင်က အငြင်းပွားစရာတွေနဲ့ အခြေအနေ တင်းမာခဲ့တဲ့ ပြန်ကြားရေးက ရေးဆွဲ တဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေးရေး ဥပဒေ မူကြမ်းကိုရော၊ သတင်းမီဒီယာဥပဒေ မူကြမ်းကိစ္စကိုရော ပြန်ပြီး ညှိနှိုင်းသွားမယ်လို့ ဦးအောင်ကြည်က ဗွီအိုအေရဲ့ သီးခြားမေးမြန်းမှုမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ဒါ Democracy Practice မှာ ဒီလို မတူကွဲပြားမှုကို ကျနော်တို့က တန်ဖိုးထားရမယ်။ နောက် လူတိုင်းမှာ ဟုတ်လား ကွဲပြားခြားနားတဲ့ သဘောထားတွေ ရှိပိုင်ခွင့်ရှိတယ်။ Divisive Ideas အဖြစ် ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ အဲ့တော့ အဲ့ဒီ Idea တွေက ဒါ ဒုတိယဝန်ကြီးအနေနဲ့ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ကျနော်တို့ ဒီမှာ ဒီနေ့ ပြန်ဆွေးနွေးလိုက်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေအားလုံးကို ခုန ကျနော် ဆွေးနွေးခဲ့တဲ့ Compromising Process နဲ့ ကျနော်တို့ဟာ ဟုတ်လား ပြန်လည်ပြီးတော့မှ ပေါင်းစုမယ်။
ပေါင်းစုပြီးတော့မှ ဆွေးနွေးကြမယ်။ စဉ်းစားကြမယ်။ သူ့ဘက်က လျှော့ပေးစရာ ရှိတာလည်း လျှော့ပေးမယ်။ ကိုယ့်ဘက်က လျှော့ပေးစရာ ရှိတာလည်း လျှော့ပေးမယ်။”

အခုလို နှစ်ဘက် တွေ့ဆုံမှုတွေ ရှိခဲ့ပေမဲ့ ကျေနပ်လောက်တဲ့ သဘောတူညီမှု တစုံတရာတော့ မရရှိခဲ့ဘူးလို့ စာနယ်ဇင်းကောင်စီ ပြောခွင့်ရှိသူ ဦးသီဟစော က ပြောပါတယ်။

“ဒီနေ့ အစည်းအဝေးမတိုင်ခင် စီစဉ်ထားတာက နိုင်ငံရေးပါတီတခုမှာရှိတဲ့ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်မယ်ဆိုပြီးတော့ စီစဉ်ထားတယ်။ ပြန်ကြားရေးက နဂိုက မတင်သေးဘူးလို့ ပြောထားတာကိုး။ ဒါပေမဲ့ ဒီနေ့ ပြောတဲ့အခါမှာ အဲ့ဒီကိစ္စ အသေးစိတ်ကို လုံး၀ မပြောကြဘူး။ ဆိုတော့ အဲ့ဒီ စာနယ်ဇင်းကောင်စီရဲ့ နဂို စဉ်းစားထားပြီးသား လွှွတ်တော်မှာရှိတဲ့ အမတ်တွေနဲ့ ပြောထားပြီးသား ကိစ္စနဲ့ပဲ ဆက်တင်မလား။ ပြန်ကြားရေးက တာဝန်ယူမလားဆိုတဲ့ အဖြေ ဒီနေ့ မထွက်ခဲ့ပါဘူး။”

ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမဲ့ ဘယ်အတိုင်းအတာထိ ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ မသိနိုင်ဘူလို့ ဦးသီဟစော က ပြောပါတယ်။

သတင်းမီဒီယာသမားတွေ အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိနေတဲ့ ဒီပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့ပြီးတော့ ပြည်သူ့လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တဲ့အတွက် အခုဆိုရင် ဒီဥပဒေဟာ အမျိုးသားလွှတ်တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အငြင်းပွားစရာတွေ ဖြစ်လာတဲ့ ဒီဥပဒေကို စာနယ်ဇင်းကောင်စီက ကန့်ကွက်လာတဲ့အတွက် မနက်ဖြန် သြဂုတ်လ ၁၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ တရားဝင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီးတော့ စာနယ်ဇင်းကောင်စီအမည်ကို သတင်းမီဒီယာ ကောင်စီအဖြစ်နဲ့ မြန်မာစာနယ်ဇင်း လောကသားတွေက အမည်ပြောင်းလဲထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေနဲ့ သူတို့ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေ မူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က လွှတ်တော်ကို ပြန်ကြားရေးက ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ တရားဝင် ပြောလိုက်တဲ့အတွက် လွှတ်တော် ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ဒီဥပဒေကြမ်းကို တင်ပြဖို့ ကြိုးစားနေတာ ဖြစ်တဲ့အကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တုန်းက ရန်ကုန်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စာနယ်ဇင်းကောင်စီ ပြောရေးဆိုခွင့် ရှိသူတွေက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG