သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ရေဘေးအန္တရာယ်ဆိုးဝါး


ရခိုင်ပြည်နယ် စစ်တွေ၊ မင်းပြားဒေသတွေက ရေလွှမ်းမိုးမှုအခြေအနေ (ဓာတ်ပုံ- ရခိုင်ဒေသခံများ)
ရခိုင်ပြည်နယ် စစ်တွေ၊ မင်းပြားဒေသတွေက ရေလွှမ်းမိုးမှုအခြေအနေ (ဓာတ်ပုံ- ရခိုင်ဒေသခံများ)

မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၁ ခုမှ ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရပြီးတဲ့နောက် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ထဲမှာ သေဆုံး၊ ပျောက်ဆုံးမှုတွေရှိနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မရှိသလောက် အားနည်းနေတဲ့အတွက် ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေလုပ်နေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်ကျော်ကစပြီး တိုင်းနဲ့ပြည်နယ်အလိုက် မိုးပြင်းထန်စွာရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေအပြင် ဘင်္ဂလားပင်လယ်အောင်မြောက်ပိုင်းကလာတဲ့ ကိုမန်မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် အတော်များများမှာ ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွေကို သဘာဝဘေးဒဏ်ကျရောက်နေတဲ့ နေရာဒေသတွေအဖြစ် အစိုးရက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ရခိုင်ပြည်နယ်က မြို့နယ် လေးမြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးသူစာရင်းကို အခုလို ပြောပြပါတယ်။

“မင်းပြား (၇) ယောက်၊ မြောက်ဦး (၄) ယောက်၊ ပုဏ္ဏားကျွန်း (၃) ယောက်၊ ရသေ့တောင်က (၄) ယောက် ဆုံးသွားပြီ။”

ဒီနေ့မှာတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့မင်းပြားမြို့နယ်တွေဘက်မှာ ဆက်လက်ရေကြီးနေပြီး ရေဘေး လွတ်အောင်ကြိုးစားရင်း ပျောက်ဆုံး၊ သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ရကြောင်း ကိုယ်ထူကိုယ်ထကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်နေတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရွှေဆေးဝါးဆရာတော် ဦးဓမ္မပီယက အခုလို မိန့်ပါတယ်။

“မြောက်ဦးမြို့နယ်၊ …..ရပ်ကွပ်က ဒီနေ့ တယောက်သေတယ်။ ပုက လူနှစ်ယောက်သေတယ်၊ နာမည်တော့ မရဘူး။ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာက အဖွားကြီးလင်မယားပေါ့နော်- အိမ်နဲ့တပါတည်း ပါသွားတာ။ အဖွားကြီးလင်မယား ၂ ယောက်၊ အိမ်နဲ့တပါတည်းပါသွားတာ။ အိမ်က အဆောင် (၅၀) လောက် ရေနဲ့မျောပါသွားတယ် သတင်းရတယ်၊ အဲဒီမှာက။ မင်းပြားမြို့နယ်၊ မင်းလှရွာက တဆယ်နဲ့ တယောက်သေ တယ်။ ရေနဲ့မျောပါသွားတာ။ တချို့ကတော့ ရေကူးရင်းနဲ့ - လွတ်အောင်ကူးရင်းနဲ့မျောပါသွားတာ။ လှေ… လောင်းနဲ့ပေါ့။ ရခိုင်တွေက လောင်းလို့ခေါ်တယ်။ အဲဒီလှေနဲ့သွားတာမှာ လှေမှောက်ပြီးတော့ သေသွားတာ။ ဖုန်းတွေကလည်း ဆက်လို့မရဘူး၊ အဲဒါ ဦးဇင်းသတင်းရသလောက်ပဲ။”

မြောက်ဦးမြို့နယ်ထဲမှာပါတဲ့ ကျေးရွာတချို့ကို ဆက်သွယ်သွားလာလို့မရတဲ့အတွက် ဆိုးဝါးတဲ့ အခြေအနေတွေ ကိုလည်း ခန့်မှန်းလို့မရဖြစ်နေကြောင်းနဲ့ ရေဘေးဒဏ်ကို ခံစားနေရတဲ့ ကျေးရွာတွေက ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အမြန်လိုအပ်နေကြောင်း ဆရာတော်က ဆိုပါတယ်။ အခုအချိန်အထိတော့ လက်လှမ်းမီသလောက် ကျေးရွာတွေကို သွားရောက်ကူညီရာမှာ ဆက်သွယ်ရေး ပြတ်တောက်နေသလို ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေတဲ့နေရာတွေမှာ အစိုးရဌာနဆိုင်ရာတွေနဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေ မတွေ့ရတဲ့အကြောင်း ပြောပါတယ်။

“ဒီနေ့ မြောက်ဦးမြို့ တမြို့လုံးမြုပ်နေတာ၊ ဈေးတွေရော အကုန်လုံးမြုပ်တာပဲ။ စောစောလာလို့တော့ မလွယ်ကူ…. ရေတွေက တအားပြည့်နေတာပေါ့နော်၊ တအားပြည့်နေတော့ လူတွေက သွားရလာရတာလည်း တော်တော်လေးတော့ အခက်အခဲဖြစ်နေကြတယ်။ ဒါပေမယ့် အဲဒီ …မှာ …လည်းမတွေ့ဘူး၊ ရဲတွေလည်းမတွေ့ဘူး၊ စစ်တပ်ကလည်းမမြင်ဘူး။ အဲလိုဖြစ်နေတယ်။ နယ်တွေမှာ သွားလို့မရတော့ဘူး။ လှေလည်း မရဘူး၊ အခက်ကြုံနေတဲ့ရွာတွေက အများကြီးပေါ့နော်။အဲဒီနေရာတွေမှာ ပြောင်းပေးနိုင်တဲ့လှေတွေလိုအပ်တယ်။”

ကိုမန်မုန်တိုင်းဝင်ရောက်နေတဲ့ ဘင်္ဂလားပင်လယ်အော်၊ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ လေပြင်း တိုက်ခတ်မှုတွေနဲ့ ရေကြီးတာတွေကို ခံစားနေရကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်သိမ်းက ပြောပါတယ်။

“ဘူးသီးတောင်အခြေအနေကတော့ လေတိုက်တာရော၊ ရေနစ်တာရော နှစ်ခုလုံး ဒဏ်ခံရတယ်ခင်ဗျ။ အပြင်းထန်ဆုံးဖြစ်နေတယ်ခင်ဗျ။ မြို့ပေါ်မှာရှိတဲ့ သစ်ပင်တွေ အကုန်လုံး လဲပြီးတော့ အိမ်တွေကို ပိကျတာရှိတယ်ခင်ဗျ။ အိမ်ပြိုတာတွေ အများကြီးရှိတယ်။ အဆက်အသွယ်က ကျနော်တို့ မရသေးဘူးဖြစ်နေတယ်။ အဆက်အသွယ်ရတဲ့ရွာတွေကလည်း အဆိုးဆုံးဖြစ်နေတယ်ခင်ဗျ။”

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွေမှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာတော့ တံတားတွေ ရေထဲမျောပါသွားပါတယ်။ စစ်ကိုင်းတိုင်း အတွင်း ကလေးမြို့ကတော့ ပြီးခဲ့တဲ့ရက်ကတည်းက ရေမြုပ်နေပြီး ကယ်ဆယ်ရေးလုပ်တဲ့နေရာတွေမှာပါ ရေဘေးသင့်နေတာကြောင့် အကြိမ်ကြိမ် နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။ ဒီကနေ့မှာတော့ သမ္မတဦးသိန်းစိန်က ကလေးမြို့က ရေဘေးသင့်နေရာတွေကို ရဟတ်ယာဉ်နဲ့သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ရေဘေးအန္တရာယ်ကြိုတင်သတိပေးမှုအားနည်းတာတွေနဲ့ သီတင်း ၂ ပတ်ကြာတဲ့အထိ ရေဘေးဒဏ် ခံစားနေရတဲ့ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အားနည်းပျက်ကွက်ခဲ့တယ်ဆိုပြီး အစိုးရကို ဝေဖန်နေကြချိန်မှာ အစိုးရတာဝန်ရှိသူတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို သွားရောက်ခဲ့ကြတာပါ။ ပခုက္ကူ၊ မကွေး၊ မင်းဘူး၊ အောင်လံ၊ ပြည်၊ မော်လိုက်နဲ့ စစ်ကိုင်းမြို့တွေမှာ စိုးရိမ်ရေအမှတ်ကိုရောက်နေကြာင်းကိုတော့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပေးထားပါတယ်ရှင်။

XS
SM
MD
LG