သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီမြို့တော် ရှေးဟောင်း Notre Dame ဘုရားကျောင်းမီးအပျက်အစီးကြီးမား


ပါရီမြို့လယ်က သမိုင်းဝင် Notre Dame Cathedral ဘုရားကျောင်းကြီး မီးလောင်နေစဉ် ၁၅ ဧပြီလ ၂၀၁၉
ပါရီမြို့လယ်က သမိုင်းဝင် Notre Dame Cathedral ဘုရားကျောင်းကြီး မီးလောင်နေစဉ် ၁၅ ဧပြီလ ၂၀၁၉

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ခေါင်မှာရှိတဲ့ အထင်ကရ Notre Dame Cathedral ဘုရားကျောင်းကြီးမှာ တနင်္လာနေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့အတွက် အပျက်အစီးအတော်များ ခဲ့ပေမယ့် သမိုင်းဝင် မျှော်စင် ၂ ခုမပျက်စီးအောင်တော့ ကြိုးစားနိုင်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဘုရားကျောင်းရဲ့ ပင်မ အဆောက်အဦး မပျက်စီးအောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပါရီ မီးသတ်တပ်ဖွဲ့အကြီးအကဲ Jean-Claude Gallet ကပြောပါတယ်။

၁၂ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးမှာ ခေါင်မိုးကနေစတင်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် အမိုးတခုလုံး ပျက်စီးသွားပြီး အဆောက်အဦးရဲ့အမြင့်ဆုံးအပိုင်းဖြစ်တဲ့ စုလစ်မုချွန်း ပြိုကျသွားခဲ့တာပါ။ ဘုရားကျောင်းပြောခွင့်ရ Andre FInot ကတော့ ဘုရားကျောင်း အတွင်းပိုင်းက သစ်သားတွေ ပျက်စီးနိုင်ချေရှိတယ်လို့ ပြောပါတယ်။ ပါရီမြို့တော်ဝန် Anne Hidalgo ကတော့ ဘုရာကျောင်းထဲက ထူးခြားတဲ့ အနုပညာလက်ရာတွေနဲ့ ဘာသာရေးဆိုင်ရာ အထိန်းအမှတ် ပစ္စည်းတွေကို ပြန်ရပြီဖြစ်ကြောင်း ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ လောက်ဝိုင်းဝန်းညှိမ်းသတ် ခဲ့ရတာ ဖြစ်ပါတယ်။

မီးဘယ်လိုစတင် လောင်ကျွမ်းရတယ် ဆိုတာကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြင်သစ်သတင်းတွေမှာတော့ အခုမီးလောင်ကျွမ်းမှုဟာ ဘုရားကျောင်း အဆောက်အဦး ပြန်လည်ပြုပြင်မွန်းမံမှုတွေနဲ့ ဆက်စပ်မှုရှိနေ နိုင်တယ်လို့ မီးသတ်သမားတွေက ပြောကြောင်း ဖေါ်ပြထားပါတယ်။ ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အတော်များများမှာ ငြမ်းတွေ ဆင်ထားတာဖြစ်ပြီး အထဲက ကြေးရုပ်တုတွေကို ပြန်လည်မွန်းမံဖို့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကပဲ ပြောင်းရွှေ့ထားကြောင်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဒေသစံတော်ချိန် ည ၇ နာရီမတိုင်ခင်ကလေးမှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကိုအမြန်ညှိမ်းသတ်နိုင်ဖို့ မီးသတ်ကားတွေ အလျှင်အမြန် သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်တဲ့မြင်ကွင်းကို ကြည့်ရှုဖို့အတွက် Seine မြစ်ပေါ်က ပါရီတံတား တွေပေါ်မှာ ရာနဲ့ချီတဲ့ ပြည်သူတွေ စုဝေးကြည့်ရှှုခဲ့ကြတာပါ။

အခုလို မီးလောင်ကျွမ်းမှုကို တွေ့မြင်ရတာ စိတ်မကောင်း ဖြစ်ရကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က တွစ်တာကနေ ပြောခဲ့သလို ပြင်သစ်နိုင်ငံရဲ့ အမျိုးသားရေး မူဝါဒဆိုင်ရာ ရုပ်သံမိန့်ခွန်း ပြောကြားမယ့် အစီအစဉ်ကိုပါ ဆိုင်းငံ့လိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က ပါရီက Notre Dame Cathedral ဘုရားကျောင်း မီးအကြီးအကျယ် လောင်ကျွမ်းနေတာကို မြင်တွေ့ ရတဲ့အတွက် စိတ်မချမ်းမသာ ဖြစ်ရကြောင်းနဲ့ သူ့တွစ်တာ ကနေ ရေးသားပြောကြားခဲ့ပါတယ်။

အလယ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ ဒီ ကက်သလစ်ဘုရားကျောင်းကြီးဟာ ဥရောပမှာ ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်ကြည့်ရှုတဲ့ သမိုင်းဝင်အဆောက်အဦး တွေထဲက တခုဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁၃ သန်းလောက် သွားရောက်ကြည့်ရှုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ၁၂ ရာစုက စတင်တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ နာမည်ကျော် စာရေးဆရာ Victor Hugo ရဲ့ ဂန္ဒဝင်မြောက် ဝတ္တုတပုဒ်ဖြစ်တဲ့ Hunchback of Notre-Dame ဇာတ်အိမ်တည်ရာ နေရာလည်း ဖြစ်ပါတယ်။

ပါရီမြို့တော် ရှေးဟောင်း Notre Dame ဘုရားကျောင်းမီးအပျက်အစီးကြီးမား
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG