သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၄,၀၀၀ အမည်တင်သွင်းပြီး


 ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇူလိုင် ၂၉၊ ၂၀၁၅)
ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇူလိုင် ၂၉၊ ၂၀၁၅)

ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း တင်သွင်းမယ့်ရက် အဆုံးသတ်တော့မယ့်အချိန်မှာ အဓိက အတိုက်အခံ NLD ပါတီဘက်ကတော့ ကိုယ်စားလှယ်လောင်း အပြီးသတ် မတင်သွင်းနိုင်သေးဘဲ အပြောင်းအလဲတွေရှိနေဆဲ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၈၀ နီးပါးတို့က ကိုယ်စားလှယ်လောင်း ၄,၀၀၀ လောက် တင်သွင်းထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်မှု အခြေအနေတွေကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမယ့်ရက်နီးကပ်လာချိန်မှာပဲ အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ အပြီးသတ် မတင်သွင်းနိုင်သေးဘဲ အပြောင်းအလဲတွေ ရှိနေဆဲဖြစ်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့အထိ ကိုယ်စားလှယ်လောင်းအပြောင်းအလဲ ဒါဇင်နဲ့ချီ ရှိတဲ့အကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။

“တချို့က စီးပွားရေးကြောင့် မလွတ်မလပ်ဖြစ်တော့ သက်ဆိုင်ရာတွေနဲ့ မလွတ်မလပ်ဖြစ်တော့ ဆက်လုပ်လို့မရဘဲ လာနုတ်ထွက်တာတွေ ရှိတယ်။ တချို့က ကျန်းမာရေးကြောင့်ပေါ့နော်။ တချို့ကလည်း နိုင်ငံသား မိဘနှစ်ပါးကမွေးတာ မဟုတ်လို့ပေါ့။ တချို့ကလည်း နိုင်ငံမှာ တဆက်တည်း ရွေးကောက်ပွဲမတိုင်ခင် ၁၀ နှစ် တဆက်တစပ်တည်းနေတာ မဟုတ်လို့ပေါ့။ တချို့ကလည်း အမှုအခင်း မပြီးသေးလို့ပေါ့။ အဲဒါမျိုးတွေ သူတို့မြို့နယ်နဲ့သူတို့ လာပြီးတော့ လူစားလဲတာတို့ ဘာတို့ ရှိတယ်။ ဒီကနေ့အထိဆို ပြည်နယ်နဲ့တိုင်း အားလုံးက လာတာဆိုလို့ရှိရင် ကျနော်ထင်တယ် ၄၀ ကျော်လောက်တော့ ရှိပြီဗျ။”

လွှတ်တော်အမတ် ၁,၁၀၀ လောက် တင်သွင်းဖို့ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သြဂုတ်လ ၉ ရက်နေ့အထိ ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော်တင်သွင်းထားပြီး ဖြစ်ပါတယ်။ လွှတ်တော်အမတ်လောင်းနေရာ အပြောင်းအလဲတွေကြောင့် ပါတီရဲ့ လွှွတ်တော်ကိုယ်စားလှယ် တင်သွင်းမှုမှာ အဟန့်အတားမဖြစ်စေဘူးလို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။ ဒါ့အပြင် ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ပိုင်ဆိုင်မှုတွေလည်း စိစစ်နေတယ်လို့ သူက ပြောပါတယ်။

“ပိုင်ဆိုင်မှုတွေ စိစစ်တာကတော့ ကျနော်တို့က ကိုယ်စားလှယ်လောင်း အရင် စိစစ်ထားဖို့ပဲလေ။ ကိုယ်စားလှယ်လောင်း စိစစ်တဲ့ အခါမှာတော့ သူတို့ ပိုင်ဆိုင်မှုကို တခါတည်း တွဲတင်ခိုင်းထားတာပေါ့။ တွဲတင်ခိုင်းထားတော့ ဒီ ကိုယ်စားလှယ် လောင်းတွေက အခု အဖွဲ့ချုပ်က ရွေးတဲ့ ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကျနော်တို့ ဥက္ကဋ္ဌကနေပြီးတော့ Confidential ပေါ့ သူ့ဘာသာ ချိတ်ပိတ်ပြီးသိမ်းထားလိမ့်မယ်။ အရွေးမခံရတဲ့သူတွေကတော့ အိတ်ပိတ်ပြီး ပြန်ပို့မှာပါ အကုန်လုံးကို။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲအတွက် လွှတ်တော်အမတ်လောင်း စာရင်း တင်သွင်းမှုတွေကတော့ သြဂုတ်လ ၁၄ ရက်နေ့မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအာဏာရ ပြည်ထောင်စုနဲ့ ကြံ့ခိုင်ရေးပါတီဘက်ကတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက စလို့ ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်ထားခဲ့ပြီးဖြစ်လို့ လွှတ်တော် အမတ်လောင်းတင်သွင်းမှုမှာ အခက်အခဲ မရှိဘူးလို့ ပြောဆိုထားပြီး အခုချိန်ထိ လွှတ်တော် အမတ်လောင်းနေရာ ၁,၀၀၈ ဦးတင်သွင်းထားပြီး ဖြစ်ပါတယ်။ တိုင်းရင်းသား နိုင်ငံရေး ပါတီတို့ထဲမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ အများဆုံးတင်သွင်းထားနိုင်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“မြို့နယ်ပေါင်း ၆၇ မြို့နယ် ဝင်ပြိုင်မယ်။ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်တယ်။ ကျနော်တို့ရဲ့ အဓိက မူဝါဒကတော့ နံပါတ် ၁ ကတော့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးပေါ့။ နံပါတ် ၂ ကတော့ ကျားဖြူပါတီက ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးပေါ့။ ရှမ်းပြည်နယ်တခုတည်းတင် မကဘူး၊ ကချင်ပြည်နယ်မှာ ကျနော်တို့အစိုးရ အဖွဲ့ထဲမှာ ပါရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်ပဲ ရှိတယ်။ ကျနော်တို့ ၉ မြို့နယ် ဝင်ပြိုင်မယ်။ အလားတူပဲ ကယားပြည်နယ်မှာ ၇ မြို့နယ် ရှိတယ် ၅ မြို့နယ် ဝင်ပြိုင်မယ်။ အဲဒီမှာလည်း ကျနော်တို့ ပြည်နယ် ၃ ခုမှာ ကျနော်တို့ အများစုနိုင်မယ်လို့ ကျနော် လုံး၀ ယုံကြည်ပါတယ်။”

လက်ရှိအချိန်မှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁ ထောင်ကျော်နဲ့ အများဆုံးတင်သွင်းထားပြီး အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၆၅၀ လောက် တင်သွင်းထားနိုင်ပြီး ဒုတိယ အများဆုံး တင်သွင်းထားပါတယ်ရှင်။

XS
SM
MD
LG