သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်


ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ် ထရမ့်
ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ် ထရမ့်

အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲတွေအပေါ် နောက်ဆုံးထွက်လာတဲ့ လူထုစစ်တမ်းတွေက သမ္မတလောင်းတွေ ဖြစ်လာနိုင်တဲ့ ဒီမိုကရက်တစ် ပါတီက Hillary Clinton နဲ့ ရီပတ်ဗလစ်ကန်ပါတီက Donald Trump တို့ အကြား နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြိုင်အဆိုင်၊ အကြိတ်အနယ် ယှဉ်ပြိုင် ရလိမ့်မယ်လို့ ဆိုပါတယ်။

ရီပတ်ဗလစ်ကန် ပါတီအတွင်း ထိပ်ပိုင်း ခေါင်းဆောင် တချို့ကြားမှာ Donald Trump အနေနဲ့ သမ္မတယောက် ဖြစ်ဖို့ အရည်အချင်းနဲ့ ကိုက်ညီပါ့မလားဆိုပြီး သံသယရှိတဲ့ အကြောင်းကိုတောင် တလျှောက်လုံး ပြောလာခဲ့ကြတာပါ။ ဒါပေမယ့်လည်း အခုတော့ ရီပတ်ဗလစ်ကန် ပါတီဝင်တွေ ဖြေးဖြေး မှန်မှန်နဲ့ သူတို့ပါတီက သမ္မတလောင်း ဖြစ်လာမယ့်သူ နောက်မှာ ရပ်တည်လာနေကြပါပြီ။ Trump ကိုယ်တိုင်ကလည်း သူ့ပေါ် လူတွေရဲ့ အမြင် နည်းနည်း ပြောင်းသွားအောင် ကြိုးစားနေတဲ့ အကြောင်း VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။

Trump အနေနဲ့ ဒီနေရာကို ရောက်ဖို့ ခက်ခက်ခဲခဲ တက်လှမ်းခဲ့ရတာပါ။ သူ ရီပတ်ဗလစ်ကန် ပါတီရဲ့ သမ္မတလောင်းဖြစ်လာမယ်လို့ လူတွေ အရင်က မမျှော်လင့်ခဲ့ဘူး လို့တောင် ပြောရပါလိမ့်မယ်။ အခုတော့ သမ္မတလောင်း အဖြစ် သူ့ကို ကြေညာဖို့ နီးကပ်လာနေပါပြီ။ သူက အခုလို ပြောပါတယ်။
”အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်တဲ့ နိုင်ငံတခု ပြန်ဖြစ်ဖို့ ကျနော်တို့ လုပ်ဆောင်မှာပါ။ ဘယ်တုန်းက အခြေအနေထက်မဆို ပိုကောင်းအောင်လုပ်မှာပါ။ အားလုံး ပျော်ရွှင်ကြပါလိမ့်မယ်။ အများ လေးစားခံရတဲ့ တိုင်းပြည်တခုကို ကျနော်တို့ ပြန်ပြီး တည်ဆောက်နိုင်မှာပါ။
တဖြည်းဖြည်းချင်း၊ အချိန်ကြာပေမယ့် ရီပတ်ဗလစ်ကန် ပါတီဝင်တွေကို သူ့နောက်မှာ မဖြစ်မနေ ရပ်တည်လာအောင် Turmp က လုပ်ဆောင်နေပါတယ်။ သူ့ကို အစောဆုံး ထောက်ခံကြောင်း ကြေညာခဲ့တဲ့ New York ပြည်နယ် အောက်လွှတ်တော် အမတ် Chris Collins က အခုလို ပြောပါတယ်။
”ပေါင်းစပ်ပြီး လုပ်ဆောင်တာ၊ အပြန်အလှန် နားထောင်ကြတာ၊ ဒီလိုလုပ်တာ Donlad Trump ပါပဲ၊ ဒီလို ကျနော်တို့ ဆက်ပြီး လုပ်ဆောင်နေတာ အပေါ် အမေရိကန်ပြည်သူတွေ စိတ်ချလက်ချ အကြီးအကျယ် လက်ခံကြပါလိမ့်မယ်။”

Donald Trump ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်မယ်ဆိုရင်၊ ပါတီတွင်း အကွဲအပြဲတွေ အကြီးအကျယ် ပေါ်လာမယ်လို့ သတိပေးခဲ့တဲ့ ရှေးရိုးစွဲ Conservative တွေကိုလည်း Donald Trump အနေနဲ့ အံတုနိုင်နေပြီ ဖြစ်ပါတယ်။ Conservative အာဘော် မကြာခဏ ထုတ်ဖေါ်ပြောလေ့ရှိတဲ့ ဝါရင့်တဦးဖြစ်သူ Fred Barnes ကတော့ အခုလို ပြောပါတယ်။

”ကျနော် ပြောရမယ် ဆိုရင်၊ အံသြမိတာက ရီပတ်ဗလစ်ကန် ပါတီဟာ Trump ရဲ့ နောက်မှာ တန်းစီပြီး ညီညီညွတ်ညွတ် ထောက်ခံရပ်နေကြတယ်လို့ မြင်မိတယ်။ ပြီးခဲ့တဲ့ သတင်းပတ်တွေက ဒါမျိုး လုံး၀ မဟုတ်ပါဘူး။ ”
ဒီကာလမှာ Trump အနေနဲ့လည်း သူ့အပေါ် လူတွေရဲ့ အမြင်ပြောင်းအောင် သူ့ကိုယ်သူ ပြန ်တည်ဆောက်နေပုံရပါတယ်။ သူက အပေါစား အမိုက်မ ဆိုပြီး သုံးနှုံး ထိုးနှက်ခဲ့တာကို ပြန်သတိပေးခဲ့တဲ့ Fox ရုပ်သံက သတင်းထောက် Megyn Kelly နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Trump က ပျော့ပျော့ပြောင်းပြောင်း အခုလို ပြောဆိုသွားပါတယ်။

”ဟုတ်လား၊ နှစ်ခါတောင် Twitter ကနေ ပြောခဲ့တယ်။ ဟုတ်ပါတယ်။ ကျနော်ပြောခဲ့တယ်။ ဟုတ်တယ်နော်။ အို၊ ဒါဆိုလည်း၊ ဖြစ်မှဖြစ်ရလေဗျာ။”

ဒါပေမယ့်လည်း သူ့ရဲ့အတိတ်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုချက်တွေကို မကြိုက်လို့ ဝေးဝေး ရှောင်နေတဲ့သူတွေ၊ ကြောက်သွားတဲ့သူတွေ ရှိနေတဲ့အတွက် ဒီလို လူတွေရဲ့ မဲတွေရဖို့တော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး Gallup စစ်တမ်းကောက်ခံတဲ့ အဖွဲ့က Frank New Port က မြင်ပါတယ်။
Trump ရဲ့ အကြီးမားဆုံး ပြသနာက သူနဲ့ ပတ်သက်လို့ မကောင်းတာတာ ဘာတွေလည်းလို့ အမေရိကန်ပြည်သူတွေကို မေးရင် သူ့ရဲ့ ပင်ကို စရိုက်ဆိုပြီး ထောက်ပြကြမယ်။ သူက မောက်မာတဲ့သူ၊ သိပ်ယဉ် ကျေးတဲ့သူ မဟုတ်ဘူး၊ ထိန်းထိန်းသိမ်းသိမ်းလဲ ပြောတဲ့သူ မဟုတ်ဘူး၊ နောက် လူမျိုးရေးအမြင် ကျဉ်းမြောင်းတဲ့သူ၊ မပြောသင့်တဲ့ ကိစ္စတွေ ပြောပြီး နောက်မှ သံဝေဂရနေတဲ့သူ၊ ဒီလို ပြည်သူတွေက ပြောကြလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် Donald Trump အနေနဲ့ အသံကျယ်ကျယ်၊ အရမ်းကာရော ပြောတတ်တဲ့၊ စည်းကမ်းတွေကို အလေးမထားတဲ့ သမ္မတလောင်းဖြစ်ရေး ဝင်ပြိုင်သူ အဖြစ်ကနေ တကယ်တမ်း အများယုံကြည် လက်ခံလာအောင် ပြောင်းလဲနိုင်တယ်။ မပြောင်းလဲနိုင် ဘူး ဆိုတာ နိုဝင်ဘာရွေးကောက်ပွဲက အဖြေပေးလိမ့်မယ်လို့ Brookings Institute က လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ Bill Galston က ပြောပါတယ်။

အဆုံးသတ်မှာတော့ အမေရိကန်ပြည်သူတွေက၊ သမ္မတရွေးတဲ့အခါ သူတို့ မှားနိုင်တယ်ဆိုပြီး မစိုးရိမ်ရတဲ့၊ စိတ်ချရမယ့် သူမျိုးကိုပဲ ရွေးကြမယ့်ပုံရှိပါတယ်။ လက်ရှိအခြေအနေအပေါ်မှာ မကြိုက်ကြတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မေးမယ့်မေးခွန်းက တခြား ကိုယ်စားလှယ် တယောက်ကို ရွေးချယ် လိုက်လို့ လက်ရှိ အနေအထားထက် စိတ်ချလက်ချ၊ မစိုးရိမ်ရတဲ့ အနေအထား ရမှာလား ဆိုတာပါ။ Trump အပေါ် လူတွေ စိုးရိမ်ကြ၊ ကြောက်ကြ လေလေ၊ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူှု့အတွက် အလားအလာ မကောင်းလေလေဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် လည်း လတ်တလော အခြေအနေမှာတော့ Trump အပေါ် လူတွေရဲ့ ထောက်ခံမှုတွေ ရနေတယ် လို့ နိုင်ငံတဝှမ်း ကောက်ခံတဲ့ စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ ဟီလာရီကလင်တန်နဲ့ လူထုထောက်ခံမှု အတူတူလောက် ရနေတယ်ဆိုပြီး စစ်တမ်းတွေမှာ ဖေါ်ပြတာကြောင့် လာမယ့် နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်လာနိုင်တဲ့ နှစ်ဦးအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပုံ ရှိကြောင်းပါ ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG