သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာအစိုးရငြိမ်းအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဆွေးနွေး


NRPC နဲ့NCA ကိုယ်စားလှယ်တွေ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၉။ ဓာတ်ပုံ MOI)

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့NCA အပစ်ရပ် စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP က ကိုယ်စားလှယ်တွေ ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံရာမှာ SSPP က ယုံကြည်မှု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပါတယ်။ အစိုးရ ဘက်က တော့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးခဲ့သလို SSPP က တောင်း ဆိုတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အထက်ကို တင်ပြပြီးဆက်လက်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗီGအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP တို့ရဲ့တွေ့ဆုံမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ က တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်မှာ ၄ လတာအပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးတဲ့ နောက် ပထမဆုံး တရားဝင်ကျင်းပတဲ့ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ SSPP ဘက်က အဓိက တင်ပြဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ ဆွေးနွေးပွဲ အပေါ်အမြင်ကို အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ စပ်ခွန်ဆိုင်က အခုလို ပြောပါတယ်။

“ဒီကနေ့ ၂၂ ရက်နေ့ ကျနော်တို့ အစည်းအဝေးကတော့ တစ်ကတော့ ယုံကြည်မှု တည်ဆောက်ရေးပေါ့နော်။ နောက် နှစ် ကတော့ ဒေသဖွံ့ဖြိုးရေး။ ဒီ အစည်းအဝေးဟာ အောင်မြင်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ နောက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ကျနော် တို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ယုံကြည်မှု တည်ဆောက်ရေးကနေ တဆင့် တဆင့်တိုးတက်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ တယောက်နဲ့ တယောက်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတဲ့အတွက်မှာ ကျေနပ်အားရမိပါတယ်။”

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှာတော့ SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသမှာ လမ်းတွေတိုးချဲ့ဖောက် လုပ်ဖို့၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေ ဆောက်လုပ်ဖို့ကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက SSPP ရဲ့ တင်ပြချက်တွေကို အမြန်ဆုံး တင်ပြဆောင်ရွက်သွားဖို့ ရှိကြောင်း ပြောပါတယ်။

“အဓိကကတော့ SSPP နဲ့ ကျနော်တို့ Bi-literal တွေ ထိုးထားတယ်။ နောက် ပြဿနာ ကြီးကြီးမားမားတွေ မရှိဘူး။ ဒီကြားထဲမှာ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ပေးထားတာတွေ ရှိတယ်။ ဥပမာအားဖြင့် ဝမ်ဟိုင်းဒေသမှာ MPT ဆက်သွယ်ရေး mobile ဆက်သွယ်ရေးကွန်ရက်ရဖို့။ နောက်တချက်ကတော့ မီးသတ် ကား၊ လျှပ်စစ်မီး၊ ဒီကိစ္စတွေ တော်တော်များများဆောင်ရွက်ထားတယ်။ ဒီနေ့ ဆွေးနွေးပွဲ မှာလည်း SSPPက လိုလားချက်တွေ၊ လူထုရဲ့တောင်းဆိုချက်တွေ ထပ်ပြီးတင်ပြတယ်။ တင်ပြတဲ့အပေါ်မှာလည်း NRPC အကြီးအကဲတွေဆီတင်ပြပြီးတော့ ကျနော်တို့ သူတို့ဆီ အမြန်ဆုံးအကြောင်းပြန် ဆောင်ရွက်သွားဖို့ ရှိတယ်။”

ဒီအချက်တွေအပြင် SSPP ဘက်က အကျဉ်းကျခံနေရသူတွေကိစ္စနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ပါဝင်ရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“SSPP နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒီ Peace Process မှာ ဘယ်လို ဆက်သွားမလဲ ဆိုတာတွေလည်း ချမှတ်နိုင်ခဲ့တယ်။ သဘောတူညီနိုင်ခဲ့တယ်။ တချို့ ဟာတွေလည်း SSPP က သူ့ ဗဟိုကော်မတီမှာ ပြန်ပြီးတော့ တင်ပြပြီး အကြောင်းပြန်မယ့် ကိစ္စတွေ ရှိတယ်။ ဒီဘက်ကလည်း ကျနော်တို့ လူကြီးတွေ တင်ပြပြီး လုပ်ပေးရမယ့် ကိစ္စတွေ ရှိတယ်ပေါ့။ ဒါတွေ ဆက်ပြီးတော့ သွားမယ်ဆိုရင်တော့ ကျနော်တို့ SSPP နဲ့ က နံပါတ် ၁ - ပြဿနာမရှိဘူး။ နံပါတ် ၂ -တပ်နေရာ ပိုင်းခြားသတ်မှတ်မှုမှာလည်း တိတိကျကျ ရှိတယ်။ ရှုပ်ထွေးမှုမရှိဘူး။ နံပါတ် ၃ - ဒီကြားကာလမှ နှစ်ဦးနှစ်ဘက် နားလည်မှုရှိရှိနဲ့ တချို့ ဟာလေးတွေ အောက်ခြေမှာ ဖြစ်ပွားနိုင်တဲ့ ပဋိပက္ခတွေလည်း ရှောင်ရှားနိုင်တဲ့ အတွက် ကျနော်တို့ အများကြီးမျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ တွေ့ဆုံမှု၊ ကောင်းမွန်တဲ့ ရလဒ်တွေ ရတယ်လို့ ပြောချင်တယ်။”

NCA လက်မှတ်ရေးထိုးရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် NRPC အမြန်ဆုံး ထပ်မံဆွေးနွေးသွားဖို့ ရှိသလို လာမယ့် တနင်္လာနေ့ မှာတော့ SSPP ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော် က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တွေ့ဆုံဖို့ကိုတော့ သူတို့ဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ ကြောင့် ဆွေးနွေးပွဲ ရက်ကို RCSS ဘက်က ရွှေ့ဆိုင်းခဲ့သလို KIO ကချင်လွတ်လပ်ရေးအဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံပွဲဟာလည်း ရက်ရွှေ့ ဆိုင်းထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG