သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသ စစ်ရေးတင်းမာမှု လျော့ပါးရေးဆွေးနွေး


၂၀၁၆ ဇူလိုင်လ ( ၂ ) ရက်နေ့က ပြုလုပ်သော နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ တို့အကြား ဆွေးနွေးပွဲ။ (ဓါတ်ပုံ - UHla Maung Shwe/Facebook)
၂၀၁၆ ဇူလိုင်လ ( ၂ ) ရက်နေ့က ပြုလုပ်သော နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ တို့အကြား ဆွေးနွေးပွဲ။ (ဓါတ်ပုံ - UHla Maung Shwe/Facebook)

အစိုးရတပ်မတော်နဲ့ NSCN-K နာဂလက်နက်ကိုင်အဖွဲ့အကြား စစ်ရေးတင်းမာမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေ မဖြစ်ပေါ်စေဖို့အတွက် နာဂ လူထုခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့ တွေက ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီက နိုင်ငံတော်အကြီးအကဲတွေ၊ နှစ်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး စစ်ရေးပဋိပက္ခတွေ ရှောင်ရှားဖို့ အတွက် ဆွေးနွေးမှာဖြစ်သလို NSCN-K ကိုလည်း တဖက်နိုင်ငံက လက်နက်ကိုင်တွေ လက်မခံဖို့ကို တိုက်တွန်းသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN- K ဌာနချုပ်စခန်းတည်ရှိရာ ဒေသမှာ အိန္ဒိယနိုင်ငံက အာသံနဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေ အခြေပြုနေတယ်ဆိုတဲ့ သတင်းအရ အစိုးရတပ်မတော်က နယ်မြေရှင်းလင်း တာတွေကို ဇန်နဝါရီလ ၂၉ရက်နေ့ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ တပ်မတေ်ာ တပ်ရင်းတပ်ဖွဲ့တွေဟာ NSCN-K ဌာနချုပ်နယ်မြေမှာ ဆက်လက်တည်ရှိနေပြီး စစ်ရေးတင်းမာမှုတွေမြင့်တက်လာနိုင်တာကြောင့် နာဂလူမှုအဖွဲ့အစည်းတွေကငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီ တစ်ရပ်ကို ဒီလ ၂၄ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီဖွဲ့စည်းရတာနဲ့ပတ်သက်ပြီး ကော်မတီ ဒုဥက္ကဌ ဦးနော်အောင်ဆန်းက အခုလို ပြောပါတယ်။

“ မြန်မာစစ်တပ်နဲ့ NSCN နဲ့ ကြားထဲမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်ခြေရှိတဲ့ စစ်ရေးပဋိပက္ခတွေကို တတ်နိုင်သမျှ ကျနေ်ာတို့ လျော့ချနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ ကျနော်တို့ ဒီကော်မတီကို အမြန်ဆုံးဖွဲ့စည်းလိုက်ရတဲ့အနေအထားပေါ့လေ။”

ကော်မတီအနေနဲ့ အဓိက ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေကို အခုလို ဆက်ပြောပါတယ်။

“ နိုင်ငံတော်အကြီးအကဲတွေဆီ ကျနော်တို့ စာပေးပို့ဖို့ရှိတယ်။ ဒီကော်မတီဖွဲ့စည်းပြီးကြောင်းနဲ့ ကော်မတီဖွဲ့စည်းရတဲ့အကြောင်းရင်းတွေကို တင်ပြသွားတဲ့ဟာ အဲဒါလေး ဆက်လုပ်ဖို့ ရှိမယ်။ လိုအပ်လို့ ရှိရင် ကျနော်တို့ NSCN နဲ့ အမြန်ဆုံးတွေ့ဆုံနိုင်မယ့် နည်းလမ်းရှာဖွေပြီးတော့ အခုလက်ရှိ မြန်မာတပ်မတော်က သတင်းမှန်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားတဲ့အတိုင်း NSCN ရဲ့ လက်အောက်မှာ အာသံ၊ ကသည်းတွေ ခိုလှုံနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့လည်း သေချာတွေ့ဆုံမေးမြန်းပြီးတဲ့အခါမှာ ခိုလှုံနေတာမှန်တယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ သဘောထားကတော့ ဖြစ်နိုင်လို့ ရှိရင် သူတို့ကို NSCN အောက်မှာ ခိုလှုံခွင့်မပေးဘဲနဲ့ သီးခြားစီရပ်တည်နိုင်ဖို့ ဒါလေးတွေ တိုက်တွန်းဆွေးနွေးသွားဖို့ ရှိမယ်။”

လက်ရှိ ဒေသတွင်း စစ်ရေးအခြေအနေကိုတော့ NSCN-K ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် ဦးကျော်ဝမ်းစိန်က အခုလို ပြောပါတယ်။

“ စစ်ရေးအခြေအနေကတော့ တအားတင်းမာမှုတော့ မရှိပါဘူး။ ဘာကြောင့်ဆိုတော့ တပ်မတော်နဲ့ ကျနော်တို့ နာဂကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတော့ မရှိဘူး။ ကျနော်တို့ NSCN အနေနဲ့တော့ ကိုယ့်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးမပျက်ပြားသွားရလေအောင် ကျနောတို့ စခန်းကိုပါ နောက်ဆုတ်ပြီးတော့ ဖယ်ပေးခဲ့ရတာပေါ့နော်။ ဒါဆိုတော့ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးမှ စောင့်ရှောက်ဖို့တော့ အဲလိုပဲ အဆင်သင့်ရှိနေပါတယ်ခင်ဗျ။”

နာဂငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီနဲ့လည်း ဆွေးနွေးသွားမှာဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ဆက်ပြောပါတယ်။

“ လူထုအရပ်ဘက်ကနေ ဒီပြဿနာတွေ မဖြစ်လာရလေအောင် NSCNနဲ့ လူထုဘက်ကနဲ့ တိုင်ပင်ဆွေးနွေးမယ် ဆိုတဲ့သဘောမျိုး ကျနော်တို့ယူဆတယ်။ အဲဒါကျတော့ လူထုဘက်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ကျနော်တို့အကြားမှာ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဒါ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်နေတယ်။ ဒါ ကျနော်တို့ အားလုံးတွေ့ဆုံပြီးမှ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်မယ်လို့ အဲလို ယူဆတယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က NSCN နာဂ လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၂ခုနှစ်က တိုင်းဒေသကြီးအဆင့်သဘောတူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်ခံထားတဲ့အတွက် နယ်မြေရှင်းလင်းရတာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG