သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nuclear ဟန့်တားရေး စာချုပ်လက်မှတ်ထိုးဖို့ မြန်မာဆုံးဖြတ်


 ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

ကုလသမဂ္ဂ နျူကလီးယားလက်နက် တားဆီး ပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုး တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နျူကလီးယားသုံးစွဲလိုမှုနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ပေါ် နိုင်ငံကြီးတချို့က ပြစ်တင်ဝေဖန်နေ တာတွေ လျော့ကျသွားနိုင်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် တဦးက ထောက်ပြပြောဆိုပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေ လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဒဏ်ခတ်မှုနဲ့ ဖိအားတွေ လျော့ကျစေဖို့အတွက် အဲဒီစာချုပ်ကို လက်မှတ်ထိုးတာ ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် Treaty on the Prohibition of Nuclear Weapons- TPNW မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေးဖို့ အဆိုတရပ်ကို သမ္မတဦးဝင်းမြင့်က လွှတ်တော်အရပ်ရပ်ကို တင်သွင်ပြီး ဆွေးနွေးခဲ့ ကြတာပါ။ ဒီဆွေးနွေးမှုကို နောက်ဆုံးအဆင့်အဖြစ် စက်တာဘာ(၁၄)ရက် သောကြာနေ့က ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း(၁၀)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုကို ကန့်ကွက်သူမရှိ သဘောတူ အတည်ပြုလိုက်တာကြောင့် အခုလာမယ့် စက်တင်ဘာ ၂၆ ကနေ ၂၈ နေ့ထိ နယူးယောက်မြို့မှာကျင်းပမယ့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်။

စစ်အစိုးရ လက်ထက်တုန်းက မြန်မာ့တပ်မတော်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ကူးလူးဆက်ဆံခဲ့သလို၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ကြည့်မှု ခံရသလို၊ ကုလသမဂ္ဂရဲ့ သတိပေးခြင်း ကိုလည်း ခံခဲ့ရတာပါ။ ဒါကြောင့် TPNW စာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်မယ်ဆိုရင် တပ်မတော်အပေါ် နိုင်ငံကြီးတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ လျော့ကျ သွားနိုင်တယ်လို့ ပြည်သူ့လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆွေးနွေးသွားပါတယ်။

"မြန်မာနိုင်ငံအနေဖြင့် ဖျက်စွမ်းအားကြီးမားတဲ့ လက်နက်အန္တရာယ်များဒဏ် မခံရရေးအတွက် သဘောတူညီချက်များမှာ လက်မှတ်ရေးထိုး ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာတပ်မတော်အနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းနဲ့ စပ်လျဉ်း၍ အနုမြူနည်းပညာကို လူအများ သေစေနိုင်တဲ့ လက်နက်အဖြစ် ဖန်တီးထုတ်လုပ်ဖို့မဟုတ်ပဲ လူအများအတွက်အကျိုးရှိစေမယ့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်တဲ့ ဆေးပညာနယ်ပယ် ၊ တက္ကသိုလ် ဓါတ်ခွဲခန်းများမှာ သုတေသနပြုတဲ့ သိပ္ပံပညာနယ်ပယ် ၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ စမ်းသပ်မှုတွေကိုလည်း နိုင်ငံတကာစံနှုန်းများနဲ့ အညီ ဆောင်ရွက်သွားရန် သဘောထားရှိပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ နျူကလီးယားဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတချို့ဟာ မဟုတ်မမှန် စွပ်စွဲ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ယခုကဲ့သို့ သမ္မတထံမှာ ပေးပို့လာတဲ့စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးမည်ဆိုပါက နိုင်ငံနဲ့ တပ်မတော်ပေါ်မှာ ယခင်ကာလက စွပ်စွဲပြောဆိုမှုတွေအပေါ်မှာ သံသယ ကင်းရှင်းသွားမှာဖြစ်ပါတယ်။"

TPNW စာချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစေမယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ ရှင်းပြသွားပါတယ်။

"ဒီစာချုပ်ဟာ နျူကလီးယားလက်နက်များကို အရေအတွက် တိုးမြှင့်ထုတ်လုပ်မှု ၊ ပိုမို အဆင့်မြင့်တင်အောင် ထုတ်လုပ်မှု အပေါ်မှာ နိုင်ငံရေးအရ တားဆီးရေးမှာ အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။ နျူကလီးယား လက်နက်များဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ရော ၊ လုံခြုံရေးအတွက်ရော လူသားများရဲ့ ရပ်တည်ရေးအတွက်ရော အကြီးမားဆုံး ခြိမ်းခြောက်မှုတရပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ ယနေ့အခါမှာ နျူကလီးယားလက်နက်ပိုင် နိုင်ငံများအကြား အင်အားပြိုင်ဆိုင်မှု၊ တင်းမာမှုတွေဟာလည်း တိုးမြင့်ဖြစ်ပေါ် လျက်ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးမှာ နျူကလီးယား ဘေးအန္တရာယ် ကင်းဝေးရေးအတွက်ဆိုရင် နျူကလီးယား လက်နက်များ တားဆီးပိတ်ပင် ဖျက်သိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ချင်းသည်သာ ဦးစားပေးဆောင်ရွက်သင့်တဲ့ နည်းလမ်းတရပ် ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။"

လတ်တလောမှာတော့ ရခိုင်ပဋိပက္ခအပါအဝင် တိုင်းရင်းသားဒေသတချို့မှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုပြီး နိုင်ငံတကာရဲ့ဖိအားတွေ ရင်ဆိုင်နေရသလို၊ တပ်/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင် (၆)ဦးတို့ကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ဆင့်ခေါ်ကြားနာ စစ်ဆေးဖို့ တောင်းဆိုသံတွေလည်း ကျယ်လောင်နေချိန်ဖြစ်ပါတယ်။ နူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးစာချုပ်မှာ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ပေါ် နိုင်ငံတကာဖိအားတွေကို လျော့ကျလာနိုင် မယ်လို့ စစ်တပ်ဘက်က တွက်ဆထားပုံရကြောင်း သုံးသပ်သူကတော့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလေ့လာသူ စိုင်းဝမ်စိုင်း ဖြစ်ပါတယ်။

"အခုလောလောဆယ်က အဲဒီ Crime Against Humanity ပေါ့နော်။ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး သူက တပ်မတော်နဲ့ တပ်မတော်အရာရှိတွေကို ဖိအားပေး ထားတာပေါ့နော် ။ အဲဒီ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးရင် အပြည်ပြည်ဆိုင်ရာက သူတို့ကို ဖိအားပေးတဲ့အတိုင်းအတာများ လျော့သွားလေမလားပေါ့နော်၊ အဲလိုတွေးတာလည်း ဖြစ်နိုင်တယ်။ နဂိုကတော့ Nuclear ambition သူတို့ဆီမှာ ရှိတာကို ၊ အရင်က မြောက်ကိုရီးယားနဲ့ အဆက်ဆံတာကို ၊ လှိုင်ခေါင်းတွေ ဘာတွေလည်း တူးခဲ့ဖူးတာရှိတယ်။ နောက်ပြီး အရင်တုန်းကလည်း မြောက်ကိုရီးယားကနေ လက်နက်တွေဘာတွေ ပို့တယ်လို့ ထင်ရတဲ့ ကိစ္စတွေလည်း ရှိတာကိုး ။ ရှိတဲ့အတွက်ကြောင့် အမေရိကန်တို့ကလည်း သူတို့ကို အမြဲတမ်းဖိအားပေးနေတာကို"

TPNW စာချုပ်ဆိုတာက နျူကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးကို ဦးတည်စေတာဖြစ်ပြီး၊ ဒီကနေ့အချိန်ထိ အဲဒီစာချုပ်မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံပေါင်း (၆၀)သာရှိသေးတာပါ။ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ လက်မှတ် ထိုးမထားပါဘူး။ အာဆီယံနိုင်ငံတွေ ထဲမှာတော့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက စာချုပ်ကို အတည်ပြု ပါဝင်ထားပါတယ်။ ကုလသမဂ္ဂရဲ့ TPNW စာချုပ်ကို နိုင်ငံပေါင်း ၁၂၂ နိုင်က သဘောတူ အတည်ပြုထားကြတာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကိုရော၊ ဇီဝနဲ့ဓာတု လက်နက် တားဆီးပိတ်ပင်ရေး စာချုပ် တွေကိုပါ အတည်ပြုပါဝင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG