သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ရဲ့ ငွေတိုက်စာချုပ် ပြည်တွင်းပြည်ပ မြန်မာတွေစိတ်ဝင်စား


NUG ငွေတိုက်စာချုပ်များ (ခရက်ဒစ်-unitedbonds-nug.org)
NUG ငွေတိုက်စာချုပ်များ (ခရက်ဒစ်-unitedbonds-nug.org)

{{Zawgyi/Unicode}}

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်တွေကို ရောင်းချလို့ရတဲ့ငွေဟာ ၂၄ နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိထားတယ်လို့ NUG ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေထဲမှာလဲ ဒီငွေတိုက်စာချုပ်ကို ဝယ်ယူထားတာတွေ၊ ဝယ်ဖို့စိတ်ဝင်စားတဲ့သူတွေ ရှိနေကြတယ်ဆိုတဲ့ ရန်ကုန်ကလာတဲ့ဒီသတင်း ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

နွေဦးတော်လှန်ရေးအတွက် ရံပုံငွေရရှိဖို့ ရည်ရွယ်ပြီးတော့ ငွေတိုက်စာချုပ်တွေကို NUG က နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ရောင်းလိုက်တာပါ။ ဒီလို ထုတ်ရောင်းပြီး ၂ ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ရရှိထားပြီလို့ NUG ရဲ့ အွန်လိုင်းရေဒီယိုကနေ ကြေညာခဲ့သလို နိုင်ငံတကာသတင်းမီဒီယာတွေမှာလည်း ဒီအကြောင်း စိတ်ဝင်စားမှုရခဲ့ပါတယ်။

ဒါကြောင့်လည်း ပြည်တွင်းမှာ ဒီငွေတိုက်စာချုပ်ကို ဘယ်လိုဝယ်ရမယ်၊ ဘယ်လို လွယ်ကူတဲ့နည်းလမ်းကို သုံးရမလဲဆိုတဲ့ မေးခွန်းတွေဖြစ်နေပါတယ်။ အင်တာနက်ပေါ်ကနေ ဝယ်ယူတဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ နည်းပညာရှုပ်ထွေးမှုကြောင့် ဝယ်ယူတာမှာ အခက်အခဲကြုံရတာတွေ ရှိနေကြောင်း ရန်ကုန်မှာ နေထိုင်သူတချို့က ဗွီအိုအေကို ပြောပါတယ်။

ရန်ကုန်မှာနေတဲ့ ကိုဇေယျာကျော်ကတော့ ဒီရက်ပိုင်းမှာ NUG ရဲ့ ငွေတိုက်စာချုပ်ဝယ်တဲ့သူ များပြားနိုင်တာကြောင့် နည်းပညာချွတ်ယွင်းတာကို ရှောင်ရှားဖို့ လာမယ့်ရက်ပိုင်းကျမှ ဝယ်သွားမယ်လို့ ပြောပါတယ်။

“ဝယ်တာကောင်းတာပေါ့။ အခုဆိုရင်ပဲ နိုင်ငံတကာမှာ သတင်းတွေမှာ ခေါင်းကြီးပိုင်းမှာ ပါလာပြီလေ။ ဘာပဲပြောပြော NUG အတွက် ရံပုံငွေရတယ်။ နံပတ်၂ အချက်က ဒါ ပြည်သူလူထုက နုဂျီကို တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့- ဒါ အတိုးမရဘူးဆိုတာတောင်မှ ဝိုင်းဝန်းထောက်ခံတယ်ဆိုတာ ပိုပြီးတော့ လက်တွေ့ပါတဲ့ သက်သေပြချက်လို့ပဲလို့ ကျနော်က ယူဆတယ်လေ။”

ဂျပန်ရောက် မြန်မာတွေထဲမှာလည်း NUG ကရောင်းချတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ယူထားသူတွေရှိကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများအသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ ကျန်တဲ့မြန်မာတွေလည်း လက်ကိုင်ဖုန်းတွေကတဆင့် အလွယ်တကူ ဝယ်ယူနိုင်အောင်လည်း အဖွဲ့လိုက် အကူအညီပေးမယ့် အစီအစဉ်တွေရှိကြောင်းလည်း သူကပြောပါတယ်။

“ဒီငွေတိုက်စာချုပ်ကို သူတို့ဝယ်ချင်တယ်၊ ဒါသူတို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွက်ကို သူတို့ ပါဝင်ပတ်သက်ခွင့်ရတဲ့ အခွင့်အရေး တရပ်အနေနဲ့ပေါ့လေ။ ဒါကို အကျိုးအမြတ်လည်းမကြည့်ဘူး။ ဒါပေမဲ့ သူတို့ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိဘူး။ အဲဒီလို မသိတဲ့သူတွေကို ကျနော်တို့တွေက ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲကနေ ဘယ်လိုလွယ်လွယ်ကူကူ လုပ်လို့ရလဲဆိုတဲ့ နည်းပညာကို လာမယ့် စနေ၊ တနင်္ဂနွေလောက်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ လူစည်ကားတဲ့ ဘူတာတွေမှာ တထိုင်တည်းနဲ့ လမ်းဘေးမှာတင်ကို လုပ်ပေးလိုက်မယ်ပေါ့။ တချို့ကျတော့ သူတို့သွားရေးလာရေးလည်း အဆင်မပြေလို့၊ မအားလပ်လို့၊ ကျန်းမာရေး အဆင်မပြေတဲ့သူတွေ ကျတော့ စုပြီးတော့ပေါ့လေ။ ကျနော်တို့ ကိုယ်စားဝယ်ပေးပြီးတော့ ဆောင်ရွက်ပေးဖို့လည်း လုပ်နေပါတယ်။ သုံးလေးရက်အတွင်းလောက်မှာ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”

ငွေတိုးမပေးတဲ့ NUG ရဲ့ ဒီငွေတိုက်စာချုပ်ကို ၂ နှစ်သက်တမ်း သတ်မှတ်ထားပြီး စာချုပ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀ နဲ့ ၅,၀၀၀ တန်ဆိုပြီး လေးမျိုးခွဲထားပါတယ်။ ပိုပြီးရှင်းလင်း လွယ်ကူတဲ့ အွန်လိုင်းစနစ်ကို အသုံးပြုသွားမယ်လို့ NUG ရဲ့ စီမံဘဏ္ဍာ ဝန်ကြီးဌာနဘက်က အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးကြောင့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

အစိုးရက ငွေတိုက်စာချုပ်တွေကို ပုံမှန်အတိုင်းဆိုလျှင် တလတကြိမ် အရောင်း၊ အဝယ် လုပ်လေ့ရှိကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် သက်တမ်း ၄ နှစ်ပေးထားတဲ့ ကျပ်သန်းပေါင်း ၂၀၀,၀၀၀ ရှိတဲ့ ငွေတိုက်စာချုပ်တွေကို လေလံတင်ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတွေကို လုပ်ပိုင်ခွင့်မရှိတဲ့ စစ်ကောင်စီကထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၁၇ ရက်မှာ တောင်းဆိုထားပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချတဲ့ ဒီငွေတိုက်စာချုပ်တွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမျိုးတွေ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

==========

{{Unicode}}












#MyanmarMiltiaryCoup #MyanmarNUG #NUGBonds #VOABurmese


=========

XS
SM
MD
LG