သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်းကို ကုလ ကိုယ်စားလှယ်အဖြစ် ဆက်ခန့်ထားမှု သုံးသပ်သူတချို့ရဲ့အမြင်များ


မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (Official Photo)
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (Official Photo)

[[Zawgyi/Unicode]]

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တနှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ Credential ကော်မတီက သဘောတူဆုံးဖြတ်ချက်လိုက်တာဟာ နိုင်ငံကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားတဲ့အတွက် ဒါဟာ မြန်မာနိုင်ငံအရေးမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို ပြောပြချက်ကို စုစည်းပြီး ရန်ကုန်ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထားတယ်လို့ ကုလသမဂ္ဂက ရရှိတဲ့သတင်းက အတည်ပြုပါတယ်။ အရင်ကတည်းက တာဝန်ပေးထားတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာကို အခု သက်တမ်းတနှစ် ထပ်တိုးလိုက်တာက မြန်မာနိုင်ငံရေးအတွက် သိပ်ပြီးထူးခြားတဲ့ အပြောင်းအလဲမျိုး ရှိနိုင်မှာမဟုတ် ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက အခုလို သုံးသပ်ပါတယ်။

"NLD အစိုးရလက်ထက်ကတည်းက ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ပေါ့။ အဲဒီအနေအထားကနေ အာဏာသိမ်းပြီးတဲ့အခါကျတော့ (စစ်ကောင်စီ) အစားထိုးလွှတ်လိုက်တာကိုလည်း ကုလသမဂ္ဂက အသိအမှတ်မပြုဘူး။ နဂိုရှိထားပြီးသား ဦးကျော်မိုးထွန်းကလည်း နစကကို သူကိုယ်စားမပြုဘူးဆိုပြီးတော့ ကြေညာလိုက်တဲ့အခါကျတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုပဲ ထပ်ပြီးတော့ အသိအမှတ်ပြုနေတဲ့ သဘောပေါ့နော်။ သို့သော်လည်း ကုလသမဂ္ဂရဲ့သဘောက NUG အစိုးရကို အသိအမှတ်ပြုတယ်လို့လည်း မဟုတ်ပြန်ဘူး။ ဆိုတော့ ဒါက နစကအစိုးရအတွက်တော့ ကုလသမဂ္ဂမှာတော့ မျက်နှာကောင်းမရဘူးဆိုတဲ့ အနေအထားပေါ့။"

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံကိုယ်စားပြုမှုအတွက် မြန်မာကိုယ်စားလှယ်ဟာ ဆိုင်းငံ့ခံထားရတာ အခုချိန်ထိပါ။ ပြီးခဲ့တဲ့နှစ်က NUG ကြားကာလအစိုးရဘက်ကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာစစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအောင်သူရိန်တို့ မြန်မာကိုယ်စားလှယ်နေရာအတွက် အပြိုင်အမည်တင်သွင်းခဲ့တာပါ။ နိုင်ငံကိုယ်စားပြုမှုနေရာ ရနိုင်ဖို့ကိုလည်း နှစ်ဘက်အားပြိုင်နေရတဲ့ အခြေအနေပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် သက်တမ်းတိုးလိုက်ပေမယ့် နိုင်ငံကိုယ်စားပြုမှုအရေး ဆိုင်းငံ့ခံထားရတဲ့အခြေအနေဟာ နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဆိုဖို့အတွက် အကန့်အသတ်တွေရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကိုယ်စားပြုတဲ့အစိုးရကို အသိအမှတ်ပြုဖို့အတွက် ခက်ခဲနေသေးတယ်။ အဲဒီအတွက်ကြောင့် Credential အရင်လက်ခံပြီးသားဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားထားတယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ နိုင်ငံကိုယ်စားပြု ဆွေးနွေးခွင့်တော့ မရှိဘူးဆိုတဲ့သဘော။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ ပြောဆိုဆွေးနွေးတဲ့အပိုင်းတွေမှာ ကန့်သတ်မှုရှိနိုင်တယ်။ လက်ရှိအနေအထားမှာ မြန်မာနိုင်ငံရဲ့အကြပ်အတည်း အဓိကဖြစ်နေတဲ့ မြန်မာနိုင်ငံအစိုးရ ဘယ်သူလဲဆိုတဲ့အဖြေကို အခုထိမထွက်သေးဘူး ဆိုတဲ့သဘော။ အဲဒီအတွက် ရှေ့လျှောက်နိုင်ငံတကာရေးရာ မျက်နှာစာတွေမှာ ဒီလိုမျိုးအသိအမှတ်ပြု ခံရဖို့အတွက် လုပ်စရာအလုပ်တွေ အများကြီးကျန်နေသေးတယ် ဆိုတဲ့သဘောတော့ ရှိနေပါတယ်။"

ပြည်တွင်းမှာ လက်နက်ကိုင်အစုအဖွဲ့ အမျိုးမျိုးရှိနေကြချိန်မှာ တဘက်ကိုအားသာလိုက်ရင် နောက်တဘက်ကလည်း ပြန်တုံ့ပြန်လာနိုင်တဲ့ အနေအထားတွေရှိနေလို့ နိုင်ငံကိုယ်စားပြုမှုအရေး အဖြေထွက်ဖို့ကခက်ခဲနေဦးမယ်လို့ လေ့သာသူတွေက သုံးသပ်ကြပါတယ်။ နိုင်ငံကိုယ်စားပြုမှုနေရာရဖို့က နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေအပေါ်မှာ မူတည်နေလိမ့်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

"NUG အနေနဲ့ကလည်း တနိုင်ငံလုံးကို ကိုယ်စားပြုခွင့်ရအောင် နိုင်ငံရေးအရ နိုင်ငံခြားမှာလည်း ကြိုးစားနေတယ်ပေါ့။ ရုံးဖွင့်ခွင့်ပြုတာတို့တော့ ရှိလာနေတာပေါ့နော်။ ဥရောပသမဂ္ဂတို့ကလည်း အသိအမှတ်ပြုတာတို့ ရှိလာနေတာပေါ့။ ဒါပေမဲ့ နိုင်ငံတခုချင်းအနေနဲ့ အသိအမှတ်ပြုတာကတော့ အခုထိမရှိသေးဘူး။ ပြည်တွင်းမှာ နိုင်ငံရေးအရ ပြည်သူလူထုကို ဘယ်လောက်ထိ ကိုယ်စားပြုနိုင်မလဲဆိုတဲ့ ပြည်တွင်းကအခြေအနေတွေလည်း ဆိုင်မှာပေါ့။ နှစ်ဘက်ကတော့ ဒီအနေအထားကိုတော့ ကြိုးစားနေကြတာပဲလေ။ လက်ရှိမှာကတော့ နစက က တတိုင်းပြည်လုံးမှာရှိတဲ့ အာဏာယန္တရားတွေကို ချုပ်ကိုင်ထားတဲ့အနေအထား ဖြစ်တာပေါ့။ သူ့အနေအထားကတော့ အရင်ကလည်း အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ အသိအမှတ်ပြုထားမှုကိုလည်းခံရတဲ့ အစိုးရဖြစ်နေတာပေါ့နော်။ အဲဒီလိုအနေအထားမှာ အပြောင်းအလဲဖြစ်အောင်တော့ NUG က ကြိုးစားနေဆဲဖြစ်တယ်လို့ ပြောရမှာပေါ့။"

ဗွီအိုအေကနေ ဦးကျော်မိုးထွန်းကို Credential ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်မတိုင်ခင် တရက်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ယူကရိန်းကို ကူညီနေသလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ ကုလသမဂ္ဂမှာ ပြောကြားခဲ့ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂမှာ ထောက်ခံပြောကြားခဲ့ကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကိုဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်အဖြစ် ပြီးခဲ့တဲ့နှစ်ကတည်းက စွပ်စွဲထားတာပါ။ နိုင်ငံတကာနဲ့ နိုင်ငံတွင်း ဥပဒေတွေအရ နိုင်ငံကိုယ်စားပြုခွင့်ရဖို့ကိုလည်း သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]












XS
SM
MD
LG