သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း၊ ကန့်ဘလူမှာ စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် ကျေးရွာတွေ မီးရှို့နေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ KoeTaungBoh village in Kanbalu, Sagaing (Crd: MIMU)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ KoeTaungBoh village in Kanbalu, Sagaing (Crd: MIMU)

[[Zawgyi/Unicode]]

ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့ တိုက်နယ်ဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဇွန်လ ၅ ရက်နေ့ကနေစပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီး ကျေးရွာတွေကို မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၆ ရက်အတွင်း ကျေးရွာ ၇ ရွာကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ နီးပါးနဲ့ ဆန်စပါးတင်း သိန်းနဲ့ချီ ဆုံးရှုံးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာလည်း ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့က ရှိမ်းမကား ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ရဟတ်ယာဉ်သုံးပစ်ခတ်တာကြောင့် နောက်ဆုတ်ခဲ့ရတယ် လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ဇွန်လ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက် တာမှာ စစ်ကောင်စီတပ်တွေက Mi35 ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့သလို နောက်ထပ်ရဟတ်ယာဉ် ၂ စီးနဲ့ စစ်ကောင်စီတပ်သားတွေလာပို့ပြီး အင်အား ထပ်ဖြည့်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲဝင်တဦးက ပြောပါတယ်။

စစ်အင်အားထပ်ဖြည့်ပြီး ကိုးထောင်ဘို့ကျေးရွာမှာ စခန်းချနေတဲ့ တပ်တွေဟာ ကိုးတောင်ဘို့တိုက်နယ်အတွင်းက ကျေးရွာတွေကို တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၅ ရက်နေ့မှာ ကိုင်းမကျေးရွာကို စတင်မီးရှို့ပြီး ၆ ရက်နေ့မှာ နှောကုန်းရွာ၊ လျော်ဖြူကုန်းရွာနဲ့ ကျွန်းကုန်းရွာတို့ကို မီးရှို့ခဲ့ပြီး၊ ၈ ရက်နေ့မှာ ဇော်ချောင်းရွာနဲ့ အလယ် ခုံရွာတို့ကို မီးရှို့ခဲ့ပြီးတော့ လွင်ကြီးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် အသက် ၇၀ ကျော်အဘိုးအိုတဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ အောက်တဲကျေးရွာကို မီးရှို့ခဲ့ပြီး ဇွန်လ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၆ ရက်အတွင်းမှာ ကျေးရွာ ၇ ရွာက အိမ်ခြေ ၅၀၀ နီးပါးနဲ့ဆန်စပါး တင်း သိန်းနဲ့ချီ မီးလောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၅ ရက်နေ့ကနေ စပြီးတော့ မီးရှို့တာပဲဗျ။ (အိမ်အပြင်) အများဆုံးကတော့ စပါးတိုက်တို့ တောင်သူသုံးပစ္စည်းတွေပေါ့ဗျာ။ ထွန်စက်လိုဟာမျိုးတွေပေါ့။ စပါးကတော့ ကျွန်တော်တို့ တော်တော် ခန့်မှန်းရတာ ခက်တယ်ဗျ။ အလယ်ခုံမှာက ၁၆၂ အိမ်။ အဲ့ဒီမှာ စပါးတိုက်ကို ၁၆၂ အပြင်ကို ကျနော်တို့ ၁၆၄ လောက်ရှိတယ်။ အဲ့လောက်စပါးတိုက်ကို တဦးကို ကျနော်ပြောပြမယ်။ တင်း ၁,၅၀၀၊ စပါးတင်း ၁,၅၀၀ လောက်ထိအောင်ကို ပါသွားတဲ့သူရှိတယ်။”

ကိုးတောင်ဘို့တိုက်နယ် ကျေးရွာတလျှောက် နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇွန်လ ၈ ရက်နေ့ကစပြီးတော့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်တွေဘက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်မှာလည်း ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာမှာ ရှိမ်းမကား ရဲစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၁၂ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြပေမယ့် စစ်ကောင်စီတပ်တွေဘက်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြရတယ်လို့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွှေဘိုခရိုင်တပ်ရင်း ၁၇ က ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက VOA ကို ပြောပါတယ်။

“တောနင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပ်ရင်းတွေနဲ့ ပေါင်းပြီးတော့မှ ဒရုန်းနဲ့ လိုက်တိုက်ခိုက်တယ်။ ဒရုန်းနဲ့တိုက်တော့ ၃ ယောက်ကျတယ်ဗျ။ နောက် ဒီဘက်က ကျနော်တို့တပ်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၁၇ ပေါ့နော်၊ ဒေါင်းစစ်သည်အဖွဲ့နဲ့ Tiger King တပ်ရင်း ၁၅ တို့ ပေါင်းပြီး ဦးဆောင်ပြီးတော့မှ ဒီဘက်က အဖွဲ့အစည်း Local ပကဖတွေနဲ့ ပေါင်းပြီးတော့ ၃ နာရီခွဲ ၄ နာရီလောက်မှာ တိုက်ပွဲ စဖြစ်တယ်။ တိုက်ပွဲ ကြာချိန်က ၂ နာရီခွဲ ၃ နာရီ လောက် ကြာတယ်ဗျ။ ၅ နာရီ ၄၈ မိနစ်မှာ မနခ-ကနေမှ Mi35 တစီး တက် လာပြီးတော့ ၆ နာရီနဲ့ ၅ မိနစ်မှာ ရှိမ်းမကား စခန်း ပတ်ပတ်လည်ရှိတဲ့ သူတို့ မသင်္ကာတဲ့ နေရာတွေကို Mi 35 ပေါ်မှာ သူတို့ပါတဲ့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။

၃ ကြိမ်တိုင်တိုင် သူတို့ အဲ့ပေါ်မှာ ပတ်ပြီးတော့မှ သူတို့ နမခ ထဲကို ပြန်ဆင်းသွားတယ်။ ၆ နာရီ ၄၉ လောက်မှာ နမခထဲကို ပြန်ဆင်းသွားတယ်။ Mi 35 နဲ့ လာတိုက်တော့ ကျနော်တို့ဘက်က ကလေးတွေက အားလုံး တပ်ပြန်ခေါက်၊ နေရာခွဲပြီးတော့မှ တိမ်းရင်းရှောင်ရင်းနဲ့ အားလုံးလူစုကွဲသွားတဲ့အချိန်မှာ စခန်းကို ထပ်မံ သိမ်းဖို့အတွက် အဆင်မပြေတော့တာကြောင့် တပ်ပြန်ခေါက်လိုက်ရတယ်။ ကျနော်တို့ပြည်သူ့ကာကွယ်ရေး အဖွဲ့ထဲက ရဲဘော် ၃ ဦး လက်နက်ကြီးနဲ့ ပစ်တော့ ရှပ်ပွတ်လေးတွေပဲ မှန်တာ၊ မစိုးရိမ်ရဘူးဗျ။”

ရှိမ်းမကား စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။ ဒီကနေ့မှာတော့ ဝက်လက်မြို့နယ် အနောက်ခြမ်းက မဲကုန်း ကျေးရွာကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းပြီး မီးရှို့နေတယ် လို့ ဒေသခံတဦးက ပြောပါတယ်။ မဲကုန်းရွာအနီးမှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

CRPH နဲ့ NUG တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ စည်းရုံး သိမ်းသွင်း ခံထားရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ အနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ ဖွံဖြိုးရေးတို့ကို နှောက်နှေးစေမယ့် အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပြီး လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြဖို့အတွက် စစ်ကောင်စီဘက်ကလည်း ဆက်တိုက် ဆိုသလို ထုတ်ပြန်နေပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]














===================

XS
SM
MD
LG