သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအရေးပေါ်အခြေအနေ NUG ကြေညာ


KPDF in Trainings Camp
KPDF in Trainings Camp

(zawgyi/unicode)

NUG အမျိုးသားညီညွတ်ရေးအစိုးရက အခု စက်တင်ဘာလ ၇ ရက်နေ့ကစလို့ အချိန်အကန့်အသတ်မဲ့ မြန်မာတနိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်တဲ့အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်ကနေ ထွက်ခွာဖို့နဲ့ အစိုးရဝန်ထမ်းတွေအားလုံး ရုံးမတက်ကြဖို့ကိုလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီလက တိုက်တွန်းပါတယ်။ အများပြည်သူအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာခြင်းမလုပ်ကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကူအညီပေးကြဖို့ စစ်ကောင်စီတပ်လှုပ်ရှားမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ သတင်းပို့ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ "ပြည်သူ့တော်လှန်ရေး" စတင်ပြီလို့ ကြေညာလိုက်တာဟာ ဒီနေ့ကစပြီးတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ အထူးတပ်ဖွဲ့တွေ၊ မဟာမိတ်တွေ အားလုံးအနေနဲ့ တပြိုင်တည်း ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်ကြဖို့ တပ်လှန့်နှိုးဆော်လိုက်တဲ့ သဘောဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဗွီအိုအေကိုပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းမှုအသေးစိတ်ကို အခု ည ရေဒီယိုအစီအစဉ်မှာ ထုတ်လွှင့်ပေးပါမယ်။

အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ကြဖို့ NUG က အခုလို ကြေညာလိုက်တာဟာ သင်္ကြန်အမြောက်ပစ်ပြနေသလိုသာဖြစ်ပြီး၊ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပမယ့် အချိန်နဲ့ကိုက်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသလို၊ အခုလို ဆောင်ရွက်မှုဟာ နိုင်ငံတကာအာရုံစိုက်လာအောင် လုပ်ဆောင်မှုဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် နိုင်ငံရေး စစ်ရေးမတည်ငြိမ်မှုတွေဖြစ်လာခဲ့တာပါ။ နိုင်ငံတကာမှာတော့ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် စစ်ကောင်စီကိုယ်စားလှယ်ကို လက်ခံမလား၊ NUG အမျိုးသားညီညွတ်ရေးအစိုးရကို လက်ခံမလားဆိုတာကို အခု စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

(unicode)


XS
SM
MD
LG