သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရကို NUG က မတရားသင်း ကြေညာ


စစ်တပ်အာဏာသိမ်းတာ ၆ လပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရက ဒီအိမ်စောင့်အစိုးရကို မတရားအသင်းအဖြစ် သြဂုတ်လ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အခုလို အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာချက်ဟာ တည်ဆဲဖြစ်တဲ့ ဘယ်ဥပဒေနဲ့မှ ကိုက်ညီမှုမရှိကြောင်းနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အခွင့်ရေး၊ ရပိုင်ခွင့်တွေကို ထိခိုက်အောင် လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း NUG ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို အိမ်စောင့်အစိုးရဖွဲ့တာဟာ ဆောင်ရွက်စရာ ရှိတာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ဖြစ်ကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြည်သူကို ပြောကြားခဲ့တာပါ။ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပတာအပါအဝင် စစ်တပ်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကာလအားဖြင့် ၂ နှစ် လိုအပ်တဲ့အတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမတိုင်ခင်မှာ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပေမယ့် ရွေးကောက်ပွဲကိုတော့ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ အတိအလင်း ပြောဆိုခြင်း မရှိပါဘူး။

အခုလို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ သံတမန်နည်းလမ်းအရ နိုင်ငံတကာက အသိမှတ်ပြုလာစေဖို့ လမ်းကြောင်း တခုကို ဖေါ်ဆောင်တာသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက VOA ကို ပြောပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်း အတော်များများကလည်း အာဏာသိမ်းပြီး ၆ လအကြာမှာ စစ်ကောင်စီက သူ့ရဲ့ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့် အစိုးရအဖြစ် အမည်ပြောင်းလဲလိုက်ပေမယ့် နိုင်ငံရေးမှာတော့ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲလာစရာ မမြင်ဘူးလို့ ပြောကြပါတယ်။

---------------------------------------------






XS
SM
MD
LG