သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ယာယီသမ္မတ လေယာဉ်ပစ်လက်နက်အကူအညီတောင်း  


Reuters သတင်းဌာနဲ့ Reuters Next အွန်လိုင်းညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလ
Reuters သတင်းဌာနဲ့ Reuters Next အွန်လိုင်းညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလ

[[Zawgyi/Unicode]]

မိတ်ဆွေ အမေရိကန်နဲ့ အီးယူတို့က ယူကရိန်းကိုကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့နဲ့ မြန်မာပြည်သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အတော်လေး ခံစားနေရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောပါတယ်။ စစ်တပ်က နိုင်ငံရေးကနေ လုံးဝဆုတ်ခွာရမယ်ဆိုတာအပါအဝင် အချက်လေးချက်ပါ ကြိုတင်သတ်မှတ် ချက်လက်ခံမယ်ဆိုရင်တော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကောင်းဆွေးနွေးမယ်လို့လည်း NUG သမ္မတက ပြောပါတယ်။ ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next အွန်လိုင်း ညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ကိုသားညွန့်ဦးက အနှစ်ချုပ် တင်ပြပေးထားပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးတွေကို စတင် လုပ်ဆောင်နေပြီး လူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ NUG ယာယီသမ္မတ Duwa Lashi La က ပြောပါတယ်။ ဆိုးဆိုးဝါးဝါးအခြေအနေကတော့ ရုရှားလုပ်လေယာဉ်တွေနဲ့ အရပ်သားလူထုကို ပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့နေတာတွေ ရှိနေပြီး ဒီအတွက် နိုင်ငံတကာက အကူအညီတွေပေးကြဖို့ NUG ယာယီသမ္မတ က တိုက်တွန်းပါတယ်။

“တကယ်လို့များသာ ယူကရိန်းကို အမေရိကန်နဲ့ အီးယူတွေ ထောက်ပံ့သလိုသာ ထောက်ပံ့နေမယ်ဆိုရင် ကျနော်တို့ပြည်သူလူထု သတ်ဖြတ်ခြင်းခံရတဲ့ ဆင်းရဲဒုက္ခတွေဟာ အမြန်ဆုံးပြေငြိမ်းသွားမယ်လို့ ကျနော်တို့ အခုနကပဲ ပြောထားပြီးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်မတန်အားကောင်းတဲ့လက်နက်တွေနဲ့၊ လေယာဉ်တွေနဲ့၊ ရဟတ်ယာဉ်တွေနဲ့ အပြစ်မဲ့ပြည်သူလူထုအပေါ် သတ်ဖြတ်ပြီးတော့ ရွာစဉ်လှည့်ပြီး မီးရှို့နေတာကို အမြန်ဆုံး ရပ်ဆိုင်းစေချင်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကတာက ကိုယ်ချင်းစာနာစိတ်ရှိတဲ့မိတ်ဆွေများအနေနဲ့ အမြန်ဆုံး တဦးချင်းသော်လည်းကောင်း၊ နိုင်ငံအလိုက်သော်လည်းကောင်း ကူညီမယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ နိုင်ငံသစ်လည်းတည်ဆောက်တဲ့နေရာမှာ သူတို့နဲ့လည်း ကျနော်တို့အနီးကပ် လေးလေးနက်နက် ပေါင်းပြီးတော့ နိုင်ငံပြန်ပြီး တည်ဆောက်ချင်ပါတယ်ဆိုတာကို ရှင်းပြလိုပါတယ်။”

စစ်တပ်ကအာဏာသိမ်းပြီးကတည်းက အကြမ်းဖက်မှုတွေကြောင့် အရပ်သားပြည်သူ ၂,၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ရင်း သုံးရာကျော်နဲ့ ဒေသခံကာကွယ်ရေးတပ် တရာကျော်ဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်နေရပြီး ခုချိန်အထိ PDF ရဲဘော် နှစ်ထောင်ကျော် ကျဆုံးခဲ့ရပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ငွေကြေးနဲ့ လက်နက်မလုံလောက်မှုတွေရှိနေတယ်လို့ ဝန်ခံပြောဆိုပါတယ်။

“ကျနော်တို့ ငွေရေးကြေးရေးအခက်အခဲဖြစ်ပါတယ်။ လက်နက်မလုံလောက်မှုတွေဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးဟာ ထွက်ပြေးနေရတဲ့အတွက်ကြောင့် သူတို့လူမှုရေးတွေကို ကျနော်တို့ ပြုစု စောင့်ရှောက်ရတဲ့အလုပ်တွေကို ကျနော်တို့ အင်မတန်ဂရုစိုက်ပြီးလုပ်ဆောင်နေရတဲ့ အချက်တွေမှာ အခက်အခဲတွေ မြောက်များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ လူချင်းစာနာထောက်ထားမှုရှိတဲ့ ကမ္ဘာ့ပြည်သူများ၊ နိုင်ငံများအနေနဲ့လည်း ကျနော်တို့ကို ဂရုစိုက်ပြီးတော့ ပံ့ပိုးကူညီဖို့၊ စိတ်ဝင် စားပေးဖို့ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။”

လေယာဉ်ပစ်လက်နက်မျိုးကိုသာ အကူအညီရခဲ့မယ်ဆိုရင် အချိန်တိုအတွင်း မြန်မာလူထုရဲ့အောင်မြင်မှုရနိုင်ပြီး တဘက်မှာ အာဆီယံနဲ့ နိုင်ငံတကာလိုလားသလို စစ်တပ်က စကားဝိုင်းကိုရောက် လာလိမ့်မယ်လို့ ပြောပါတယ်။ စစ်အာဏသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက်ပိုင်း တော်လှန်ဆန့်ကျင်တဲ့ လူထုအတွင်းမှာ စစ်တပ်နဲ့ညှိနှိုင်းဆွေးနွေးလိုစိတ်မရှိတော့ဘူးလို့ NUG သမ္မတကပြောပါတယ်။ မဖြစ်မနေ ဆွေးနွေးရမယ်ဆိုရင် NUG ဖက်က အချက်လေးချက်ပါ ကြိုတင်သတ်မှတ်ချက်ကို ချမှတ်ထားပြီးဖြစ်တယ်လို့ NUG သမ္မတက ပြောပါတယ်။

“တိုက်ခိုက်သတ်ဖြတ်နေတာ၊ နောက်တခါ ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ စသဖြင့် ဒါတွေကို ကာကွယ်နိုင်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိရင်တော့ ကျနော်ထင်တာ ၆ လလောက်နဲ့ဆို ကျနော်တို့လုံးဝ နိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့စားပွဲဝိုင်းကို ရောက်လာချင်မှာပါ။ နောက် အာဆီယံရဲ့အဆိုပြုချက်ကို လက်ခံချင်လာမှာပါ။ ယူအက်စ်နဲ့အီးယူတွေ၊ ကမ္ဘာ့နိုင်ငံတွေရဲ့တောင်းဆိုချက်တွေကို လိုက်နာလာမှာပါ။ ဒါမှမဟုတ်ရင် သူ လိုက်နာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒါကို အပြင်းအထန်လုပ်ရမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီကျမှ တော်လှန်ရေးမှာ ထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ငတ်မွတ်မှုကို ကာကွယ်နိုင်ဖို့ IDP တွေနဲ့ ရွာသူရွာသားတွေကို စားဝတ်နေရေးနဲ့ ကျန်းမာရေးကို ကူညီမှုလည်း အင်မတန်အရေးကြီးပါတယ်။ ဒါကို လူသားချင်းစိတ်ဓာတ်ရှိတဲ့ နိုင်ငံတကာမိတ်ဆွေများအနေနဲ့ လေးလေးနက်နက်စဉ်းစားပြီး ထောက်ပံ့စေချင်ပါတယ်။”

NUG ယာယီသမ္မတအနေနဲ့ သူရော သူမိသားစုနဲ့ လုပ်ဖော်ကိုင်ဘက်တွေပါ မြန်မာပြည်တွင်းမှာ ရှိနေပြီး၊ တိုင်းပြည်အတွက် အသက်စွန့်ရပ်တည်သွားကြမယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားတွေရဲ့ မတရားခံရမှု နစ်နာမှုတွေကို အသိအမှတ်ပြုပြီး အရင်အစိုးရအဆက်ဆက်ကျူးလွန်ခဲ့တဲ့အပေါ်သူ့အနေနဲ့ ဝန်ချတောင်းပန်တယ်လို့လည်း ရိုက်တာသတင်းဌာနမေးမြန်းခန်းမှာ ပြောဆိုသွားခဲ့ပါတယ်။ ကျနော် သားညွန့်ဦးပါ။

တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်တဲ့ သဘောထားတရပ်ကိုလည်း NUG သမ္မတက ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အတိအကျပြောထားပါတယ်။ မဖြစ်မနေ ဆွေးနွေးရမယ်ဆိုရင်တော့ NUG အနေနဲ့ ကြိုတင်သတ်မှတ်ချက်လေးချက် ချမှတ်ထားတယ်လို့ ယာယီသမ္မတ ဒူဝါးလရှီးလက ပြောပါတယ်။ ပြည်သူလူထုကို အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းဖို့၊ တပ်မတော်ဟာ နိုင်ငံရေးလောကနေ လုံးဝဆုတ်ခွာမယ်ဆိုတာ အာခံချက်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေအားလုံး အနှောက်အတားမရှိခွင့်ပြုဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးလက်ခံဖို့ဆိုတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကိုလည်း နိုင်ငံတကာက ကြားဝင်ပြီး ခိုင်ခိုင်မာမာ အာမခံပေးဖို့လိုမယ်လို့ NUG သမ္မတက ပြောဆိုခဲ့ပါတယ်။

NUG ယာယီသမ္မတ လေယာဉ်ပစ်လက်နက်အကူအညီတောင်း
please wait

No media source currently available

0:00 0:04:10 0:00

================

[[Unicode]]











တိုက်ရိုက် လင့်ခ်

================

XS
SM
MD
LG