သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထုတ်ဝေမယ့် ငွေစက္ကူသစ် NUG ကန့်ကွက်


စစ်ကောင်စီက အသစ်ထုတ်မယ့် ၂၀၀၀၀ တန် ငွေစက္ကူ
စစ်ကောင်စီက အသစ်ထုတ်မယ့် ၂၀၀၀၀ တန် ငွေစက္ကူ

စစ်ကောင်စီက မကြာခင် ထုတ်ဝေဖို့ ရှိနေတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို တရားဝင်ငွေစက္ကူအဖြစ် လက်မခံနိုင်ကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်က ထုတ်ဝေမယ့် ငွေစက္ကူသစ်ဟာ တရားဝင်မှု အလျဥ်းမရှိဘူးလို့ NUG ကြားကာလဗဟိုဘဏ်က ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဘက်ပေါင်းစုံက အကျပ်အတည်းတွေ ဆိုက်နေတဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီဟာ သူတို့အာဏာ သက်ဆိုးရှည်ဖို့နဲ့ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်နေတာတွေ ဆက်လုပ်နိုင်အောင် လိုအပ်နေတဲ့ ရန်ပုံငွေတွေ ရဖို့ ခုလို ငွေစက္ကူသစ် ရိုက်ထုတ်ဖို့ ကြိုးစားတာလို့ NUG က ပြောပါတယ်။

ဒါ့အပြင် ဒီလို တရားမဝင် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေတာကနေ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ပြည်သူတွေရဲ့ လုပ်အားနဲ့ စုဆောင်းထားတဲ့ ချွေးနည်းစာတွေကို တဘက်လှည့် ခိုးယူရာ ရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ဒုက္ခ အကျပ်အတည်းတွေ ထပ်တိုး ကျရောက်စေမယ့် ငွေစက္ကူသစ် ထုတ်ဝေမယ့်ကိစ္စကို ကြားကာလအစိုးရ NUG အနေနဲ့ အသိအမှတ်ပြု လက်ခံမှာမဟုတ်တဲ့အကြောင်း ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို ဒီလ ၃၁ ရက်နေ့မှာ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေမယ့်အကြောင်းနဲ့ ဟောင်းနွမ်း ငွေစက္ကူတွေနေရာမှာ အစားထိုး လဲလှယ်ပေးမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှု ဖြစ်နိုင်မှာမဟုတ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီကြေညာချက် ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီ ဈေးတွေအပြင် စားသုံးကုန် ဈေးနှုန်းတွေ သိသိသာသာ တက်သွားခဲ့ပါတယ်။

XS
SM
MD
LG