သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်ဆက်ရှင်သန်ဖို့ နှစ်သစ်ဆုတောင်းနေတဲ့ ပြည်တွင်းဒုက္ခသည်များ 


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။

[[Zawgyi/Unicode]]

စစ်ရေးပဋိပက္ခတွေကြားမှာ တနှစ်ပတ်လုံး အိုးအိမ်စွန့်ခွာပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအဖို့ လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း ဘဝရှေ့ရေး မျှော်လင့်ချက်ကင်းမဲ့နေကြပါတယ်။ နေ့နေ့ညညကြုံနေရတဲ့ သေနက်သံတွေ၊ လက်နက်ကြီးသံတွေနဲ့ လေယာဉ်သံတွေကြားမှာ ရပ်တည်ရှင်သန်ရေးအတွက်ကိုပဲ မျှော်လင့်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေရဲ့ နှစ်သစ်မျှော်လင့်ချက်တွေကို စုံစမ်းမေးမြန်းပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ နောက်ဆုံးစာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူ ၁.၁ သန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကယားပြည်နယ်က ပြည်သူတွေ ပါဝင်ကြပါတယ်။ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကိုဝင်စီး၊ နေအိမ်တွေမီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ကြရတာပါ။

ဒီနှစ်တွေထဲ စစ်ကောင်စီရဲ့စစ်ဆင်ရေးကြောင့် ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးလိုက်၊ ဒေသတည်ငြိမ်စပြုလာရင် နေရပ်ပြန်လာလိုက်နဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ အလှမ်းဝေးနေတယ်လို့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံတွေကတော့ မျှော်လင့်ချက်ရယ်လို့ကို မရှိတော့ပါဘူးဗျာ။ သူတို့ကတော့ ခု လွတ်ရာကျွတ်ရာပဲ ထွက်ပြေးနေရတယ်။”

ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့မှာလည်း စစ်ကောင်စီတပ်တွေ တယ်ပင်ကျေးရွာထဲဝင်လာလို့ ဒေသခံတွေ အသက်ဘေးလွတ်ရာ ပြေးလွှားနေတယ်လို့ ပြောပါတယ်။

“ဒီ ၅ လပိုင်း ၁၂ ရက်နေ့ကစပြီးတော့ ကျနော်တို့ ဂွေးပင်ကုန်းကို မီးတွေတင်၊ ဘာတွေတင်ပြီးတော့ အဲ့ ကုလားမ လက်ကောက်ကျပေါ့ဗျာ သူတို့ ရွှေပိုအရှေ့ခြမ်းတခြမ်းလုံးက ပြည်သူလူထုက တော်တော်ဆင်းဆင်းရဲရဲနဲ့ နေရထိုင်ရတာပေါ့။ အခု ဒီနေ့ဖြစ်စဉ်ကတော့ တယ်ပင်ကျေးရွာပေါ့ဗျာ၊ သေနတ်တွေနဲ့ အတင်းဝင်ပစ်ပြီးတော့၊ မီးနဲ့ရှို့ပြီးတော့ တရွာလုံးလည်း ကျွတ်သွားတယ်ပေါ့ဗျာ သေတဲ့ ဦးရေကလည်း အခု လောလောဆယ်ကတော့ ၃၀ လောက် စာရင်းရတယ်ဗျ။”

ဘေးလွတ်ရာမှာ တိမ်းရှောင်နေတဲ့ ကယားပြည်နယ် ဒေသခံအခေါ် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာခံ တဦးကတော့ အရင်လို ငြိမ်းချမ်းတည်ငြိမ်တဲ့ဘဝမျိုး ပြန်နေနိုင်ဖို့ နောက်နှစ်အတွက်လည်း မျှော်လင့်ချက်ကင်းမဲ့နေပြီလို့ ငြီးတွားပါတယ်။

“အခြေအနေကတော့ ဒီလိုပဲ ဖြစ်အုံးမယ်လို့ ထင်တာပဲ။ မျှော်လင့်ချက်က တကယ်ကင်းမဲ့သွားပြီ။ ဘယ်လိုပြောရမလဲ။ စစ်ဖြစ်လိုက်။ နားလိုက်နဲ့ပဲဆိုတော့ အချိန်ကတော့ တော်တော်ကြာအုံးမှာပဲ။”

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာခံတဦးကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် မကြာခဏ ပြေးရှောင်ရနေရလို့ ငွေရေးကြေးရေးအခက်အခဲ၊ စားရေးသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ခဏခဏ ပြေးနေရတယ်။ သူတို့လက်နက်ကြီးတွေ လှမ်းထုလိုက်၊ မဟုတ်ရင် တိုက်ပွဲတွေ ခဏခဏဖြစ်ကြ ကျမတို့ ခဏခဏရှောင်နေရတယ်။ ဒီတလောတော့ နည်းနည်းတော့ ငြိမ်နေသေးဆို ဒီတလအတွင်းပေါ့နော်၊ ဘယ်နှစ်ရက်လောက်ခံမလဲပေါ့ တချို့လူပြောတော့ သိပ်မကြာတော့ အဲ့လိုလည်း သတင်းကောလာဟလလည်း ကြားရတာပေ့ါနော့်။”

ကယားပြည်နယ်တခွင်မှာ ဒီနှစ်တွေထက် နောက်နှစ်မှာ စစ်ရေးအခြေအနေ ပိုဆိုးရွားလာမလား စိုးရိမ်တယ်လို့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာခံက ဆက်ပြောပါတယ်။

“နောက်ဆို ကျမတို့ ခန့်မှန်းတော့ ဒီနှစ်ထက်များဆိုးမလားပေါ့နော်။ တိုက်ပွဲ ဒီထက်ပိုဆိုးမယ်လို့တော့ ကျမတို့ထင်တယ်။ ကျမတို့ အခြေအနေက အာဏာသိမ်းကတော့ မပြီးသေးခါကျတော့ ကျမတို့ဖက်က သေချာသလောက်မရှိဘူးပေါ့နော်။ တိုက်ပွဲကျတော့ ဒီထက်များပိုဆိုးသွားမလား။ အဲ့လိုတော့ စိတ်တော့ ထင့်ကြတာပေါ့။”

ဘေးလွတ်ရာမှာ တိမ်းရှောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့ခံတဦးကလည်း စစ်ဘေးရှောင်တာ အချိန်ကြာတာနဲ့အမျှ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရင်ကထက် ပိုမိုခက်ခဲလာတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း နောက်နှစ်အတွက် မျှော်လင့်စရာသိပ်မရှိလှဘူးလို့ ပြောပါတယ်။

“ဘာမျှော်လင့်ထားလဲဆိုတာကတော့ အားလည်းမတင်းနိုင်တော့ဘူး။ ကျနော်တို့ဘက်ကလည်း တမ်းတနေပြီး အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအစ တော်တော်လေး ခက်ခဲလာတယ်။”

စစ်ကောင်စီတပ်တွေကတော့ အခု နှစ်ဟောင်းကုန်ရက်ပိုင်းတွေအထိ တိုင်းရင်းသားနယ်မြေတချို့ကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေကလည်း မြန်မာစစ်ကောင်စီတပ်စခန်းတွေ လုံခြုံရေးကင်းတွေကို မပြတ်တိုက်ခိုက်နေတုန်းပါ။ စစ်ကြောင့် အိုးအိမ်စွန့်ခွာပြေးနေတဲ့ ဒေသခံပြည်သူအများစုကတော့ သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့တွေကို ထောက်ခံ ကူညီကြတာများပါတယ်။ စစ်ကောင်စီဟာ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ကြိုးစားတာတွေ တွေ့နေရပေမယ့် နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့ NUG/ PDF တွေကိုတော့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ် စစ်ဆင်ချေမှုန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]

















XS
SM
MD
LG