သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဖျက်သိမ်းဖို့ ထိုင်းအစိုးရကို NUG တောင်းဆို


ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (လယ်)နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ဝဏ္ဏမောင်လွင်တို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တွေ့ဆုံပွဲတခုအတွင်းတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (လယ်)နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ဝဏ္ဏမောင်လွင်တို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တွေ့ဆုံပွဲတခုအတွင်းတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဖို့ ဖိတ်ကြားထားတယ် ဆိုတာ သိရလို့ စိတ်ပျက်ရသလို၊ ဒီအစည်းအဝေးကို ဖျက်သိမ်းပေးဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး ပြဿနာကို ဖြေရှင်းရာမှာ မြန်မာတိုင်းရင်းသားပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေပါဝင်ဖို့ လိုအပ်တဲ့အကြောင်း အဓိက ထောက်ပြထားသလို၊ စစ်ကောင်စီကို ဖိတ်ကြားတာကတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး လူထုကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြုရာ ရောက်တဲ့အကြောင်း NUG နိုင်ငံခြားရေးဌာနက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ တိုက်တွန်းသလို၊ ဖိတ်ကြားခံရတဲ့ နိုင်ငံတွေကိုလည်း ဒီအစည်းအဝေးကို မတက်ရောက်ဖို့ NUG က တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံမှာ မနက်ဖြန် ဇွန်လ ၁၈ နဲ့ ၁၉ နှစ်ရက်တာ ကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုကို ဇွန်လ ၁၅ ရက် နေ့စွဲနဲ့ အင်ဒိုနီးရှားက အကြောင်းပြန်ထားတဲ့စာထဲမှာ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာပြဿနာ ချည်းကပ်ပုံ သစ်ရှာပြီး ထိတွေ့ဆက်ဆံဖို့ ဆိုတာမျိုး အားလုံး ဘုံသဘောတူချက် မရထားသေးတဲ့အကြောင်း ထောက်ပြထားပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ရုံး အနေနဲ့လည်း အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ဖို့၊ မြန်မာက အရေးပါတဲ့အဖွဲ့အားလုံးနဲ့ ထိတွေ့ဆက်ဆံ လုပ်ဆောင်နေပါတယ်လို့လည်း ဝန်ကြီး Retno Marsudi က ပြောပါတယ်။

အလားတူ မလေးရှား နိုင်ငံကလည်း ထိုင်းကဖိတ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတက်ဖို့ ငြင်းဆိုထားတယ်လို့ ဒီဆွေးနွေးပွဲကိစ္စနဲ့ နီးစပ်တဲ့ အာဆီယံ အရာရှိတဦးက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးကလည်း ခုလို ဝန်ကြီးအဆင့် မြန်မာနဲ့ ပြန်ဆွေးနွေးဖို့က မသင့်တော်သေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က ပူးတွဲ သတင်းစာရှင်းပွဲအတွင်းမှာ ပြောဆိုသွားပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေတာနဲ့ ထိုင်းအစိုးရရဲ့ ဖိတ်ကြားမှုအပေါ် မြန်မာစစ်ကောင်စီ ပြောခွင့်ရနဲ့ တာဝန်ရှိသူတွေကို VOA က ဆက်သွယ် မေးမြန်းထားပေမဲ့ အခုအချိန်ထိ အကြောင်းပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG