သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆွေးနွေးပွဲ အလားအလာကောက်ချက် NUG တုံ့ပြန်


Indonesia ASEAN
Indonesia ASEAN

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့အရေးမှာ အဓိက ပါဝင်ပတ်သက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို သိပ်မကြာခင် ရက်ပိုင်းကပဲ ကမကထလုပ် ကျင်းပခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ NUG ကတော့ သူတို့အနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိကြောင်း တုံ့ပြန်လိုက်ပါတယ်။ “တရားမဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိပါ။” ဆိုပြီး NUG နိုင်ငံခြားရေးဌာနက စနေနေ့မှာ ကြေညာချက် ထုတ်ပြန်တာပါ။

အာဆီယံအနေနဲ့ အာဆီယံ အထူးသံတမန်ရုံးကတဆင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် NUG က နားလည်အသိအမှတ်ပြုတဲ့အကြောင်းနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေမှာ NUG အနေနဲ့ အဖွဲ့လိုက် သီးခြားတွေ့ဆုံမှု အစီအစဉ်တွေမှာသာ သီးသန့်တွေ့ဆုံ ဆွေးနွေးတာရှိပြီး စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့တော့ တွေ့ဆုံဆက်ဆံတာ မရှိကြောင်း ကြေညာချက်မှာ ရှင်းလင်းထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက ကမကထလုပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြောင်းနဲ့ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG တို့ ပါဝင်ပြီး စစ်ကောင်စီဘက်ကတော့ တိုက်ရိုက်ကိုယ်စားပြုသူ မပါပေမဲ့ ကြားခံတဆင့် “စကားပြော ဆွေးနွေးသူတွေ” တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားတာပါ။

ဒီလို ဆွေးနွေးမှုတွေကနေ သိပ်မကြာခင်မှာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ လက္ခဏာကောင်း ဖြစ်တယ်လို့လည်း ဖော်ပြထားတာကြောင့် NUG ကတော့ ဒါဟာ အာဆီယံ အထူး သံတမန်ရုံးရဲ့ ကောက်ချက်ချမှုသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပြည့်အဝကျင့်သုံးနိုင်တဲ့ အခြေအနေ အာမခံချက်မရှိဘဲ ဘယ်လို ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိဘူးဆိုတာကို ရှင်းလင်းစွာ အသိပေးလိုကြောင်း NUG နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG