သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းရန် သတိပေးစနစ် ထားရှိဖို့ NUG တိုက်တွန်း


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

အရပ်သားများ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကာအကွယ်ပေးနိုင်ရေး လေကြောင်းရန် သတိပေးစနစ်ထားရှိရေး အကူအညီပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာကို NUG အမျိုးသားညီညွတ်ရေးအစိုးရ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြန်မာနိုင်ငံမှာ အရပ်သားတွေကို အကာအကွယ်ပေးရေး အရေးပေါ်လိုအပ်နေတဲ့အချက်နဲ့ ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို Zoom ကနေ အခုလို ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ပဇီကြီးကျေးရွာနဲ့ ပတ်သက်တဲ့ NUG သတင်းစာရှင်းလင်းပွဲအတွင်း အရပ်သားတွေအပေါ် ဂျက်လေယာဉ်သုံးပြီး အင်အားကြီးမားတဲ့ ဗုံးတွေ ကျဲချတာ၊ Mi 35 ရဟတ်ယာဉ်နဲ့ လိုက်လံပစ်ခတ်မှုတွေဟာ တကယ့်ကို ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုတာကို အထောက်အထား သက်သေတွေ ပြသခဲ့တယ်လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ အလောင်းကောက်ယူသူတွေ၊ ဆရာဝန်တွေရဲ့ မှတ်တမ်းပြုစုချက်တွေအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၈ ဦး ရှိပြီး အများစုဟာ အသက် (၅) နှစ်ကနေ (၁၄) နှစ်အတွင်း ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အပြင်းအထန် ဒဏ်ရာရသူ စုစုပေါင်း ၁၈ ဦး ရှိကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အကြမ်းဖက်အဖွဲ့တွေအဖြစ် သူတို့သတ်မှတ်ထားတဲ့ NUG နဲ့ လက်အောက်ခံ PDF လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

အင်္ဂါနေ့ (ဧပြီလ ၁၁ ရက်)က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း လူဦးရေ ၄၀၀ နီးပါးလောက်ရှိတဲ့ ပဇီကြီးကျေးရွာမှာ လူဦးရေ သုံးပုံ နှစ်ပုံနီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံရွာသားတွေက ဗွီအိုအေကို ပြောပါတယ်။ ပဇီကြီးရွာဟာ စစ်ကောင်စီအုပ်ချုပ်မှုကို လက်မခံပဲ ကိုယ်ပိုင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးရဲ့ အိမ်သစ်ဟာ ကျေးရွာအုပ်ချုပ်ရေးရုံးလည်းဖြစ်ပြီး အိမ်သစ်အလှူပွဲကို ရွာသူရွာသား၊ ကလေးတွေနဲ့ အနီးအနားဝန်းကျင်ရွာက လူတွေ စုဝေးရောက်ရှိနေချိန် ဖြစ်တယ်လို့ ပဇီကြီးရွာသားတွေက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

=== Unicode ====






XS
SM
MD
LG