သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“လူသားချင်းစာနာမှုအကူအညီ တဘက်သတ်ဖြစ်မယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်” NUG ဒေါ်ဇင်မာအောင်


 NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ဗွီအိုအေက မအင်ကြင်းနိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (မေ ၁၃၊ ၂၀၂၂)
NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ဗွီအိုအေက မအင်ကြင်းနိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (မေ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်တာဟာ အာဆီယံဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ အာဆီယံတွင်း ယူဆမှုတွေရှိကြောင်း NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ တချိန်တည်းမှာပဲ အာဆီယံက ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံလူသားချင်းစာနာကူညီမှု ပေးဖို့ အစီအစဉ်တွေဟာ တဘက်သတ်ဖြစ်နေမယ်ဆိုရင် ငွေနဲ့အချိန်ကုန်ပြီး အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း ဒေါ်ဇင်မာအောင်က သတိပေးပါတယ်။ ဝါရှင်တန်ဒီစီကိုရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို မအင်ကြင်းနိုင်တွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုလက်ရှိ အနေအထားအရဆိုလို့ရှိရင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်က အလုပ်မဖြစ်ဘူးလို့လည်း ဝေဖန်နေကြတဲ့အပြင်ကို ဒိထက်ကျော်လွန်ပြီးတော့လည်း လုပ်ဆောင်ဖို့လည်း တိုက်တွန်းနေတာတွေ ရှိတယ်ဆိုတော့ အမေရိကန်ဘက်က ဒိထက်ကျော်လွန်ပြီးတော့ လုပ်ဆောင်နိုင်မယ့် အလားအလာရော ရှိနိုင်မလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ ပထမအဆင့်ကတော့ အခု အာဆီယံ 5 points consensus ဟာ လုံလောက်တဲ့သဘောတူညီချက်တွေမဟုတ်တာကတော့ သေချာပါတယ်။ သို့သော်လည်းပဲ အခြေခံ မလုံလောက်တဲ့အချက်တွေကိုတောင်မှပဲ အခုချိန်အထိ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးဆိုတော့ ဒါတွေကိုလည်း ဆက်လက်ပြီးတော့ တိုက်တွန်းရမှာဖြစ်တယ်။ ထို့အတူပဲ အခုနက မေးသွားသလိုပေါ့လေ- ဒိထက်မကတဲ့ လုပ်စရာတွေလည်း ကျန်သေးတယ်ပေါ့နော်။ နောက်အဆင့် သွားရမယ်။ အဲဒီတော့ အာဆီယံ 5 points consensus ဟာ လုံးလုံးငြင်းပယ်ရမယ့်ဟာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ချည့်ပဲလည်း မလုံလောက်ဘူးဆိုတဲ့အထိုင်ကနေ ဆက်လက်ပြီး တွန်းအားပေးသွားဖို့တော့ ရှိကြပါတယ်။ ဒီကိစ္စတွေကိုလည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ အခု အာဆီယံနဲ့ အမေရိကန်နဲ့ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာဘက်က စစ်အာဏာသိမ်းထားတဲ့အတွက် စစ်ကောင်စီဘက်ကိုလည်း သူတို့မဖိတ်ဘူးပေါ့နော်။ မြန်မာနေရာကိုလည်း သူတို့ ကွက်လပ်ထားထားတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သူတို့ ဖိတ်ခေါ်ဆွေးနွေးတာတွေလည်းရှိတယ်ပေါ့နော်၊ သီးသန့်တွေ့ဆုံဆွေးနွေးတာတွေ ရှိတော့ -အာဆီယံကကော အမေရိကန်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ အာဆီယံရဲ့ရပ်တည်ချက်က ဘယ်လိုရှိလဲ။

ဒေါ်ဇင်မာအောင်။ ။ ကျမထင်တယ်။ ဒါ နိုင်ငံတခုချင်းစီရဲ့လွတ်လပ်တဲ့ ချဉ်းကပ်ပုံတွေဖြစ်တယ်ပေါ့နော်။ အဲဒီအပေါ်မှာတော့ သူတို့ နိုင်ငံတခုနဲ့တခုနဲ့ လုပ်ပုံလုပ်နည်းတွေ မတူတဲ့အပေါ်မှာတော့ အငြင်းပွါးစရာတွေရှိလိမ့်မယ်လို့ ကျမတို့ မထင်ဘူး။ အမေရိကန်ကလည်း သူ့ပုံသဏ္ဍန်နဲ့သူ engage လုပ်တာ။ ထို့အတူ အာဆီယံ member states တွေမှာလည်း နိုင်ငံတခုနဲ့တခု engagement လုပ်တဲ့ပုံစံတွေ မတူကြဘူးပေါ့။ ဒါကတော့ လွတ်လပ်တဲ့ ချဉ်းကပ်ပုံတွေနဲ့သွားကြတယ်လို့ ကျမကတော့ မြင်တယ်ပေါ့နော်။ အဲဒီတော့ ထွေထွေထူးထူး ...ကျမထင်တယ်။ အာဆီယံဘက်ကလည်း အမေရိကန်က ချဉ်းကပ်ပုံကို ဒါ ထွေထွေထူးထူး အငြင်းပွါးဖွယ်ရာ ရှိမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်တဲ့နိုင်ငံတခုရဲ့ လွတ်လပ်တဲ့ချဉ်းကပ်ပုံတွေကို သူတို့ပြောဖို့ဆိုဖို့ရာ နိုင်ငံတခုနဲ့တခုမှာတော့ အကန့်အသတ်ရှိတယ်လို့ မြင်တယ်ပေါ့နော်။

အင်ကြင်းနိုင်။ ။ အမေရိကန်ဘက်က အဲလို မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အာဆီယံနဲ့ ဆက်ဆံဆွေးနွေးတဲ့အနေအထားတွေပေါ့လေ၊ အဲဒီမှာ တကယ်ပဲ အမေရိကန်ဘက်က ပိုပြီးတော့ ဖိအားပေးနိုင်မယ်၊ ဒါမှမဟုတ် အာဆီယံကို တစုံတရာ ဒိထက်မကပိုပြီးလုပ်လာနိုင်အောင် တစုံတရာအပြောင်းအလဲတွေ ဖြစ်လာဖို့များ ရှိလားရှင့်။ ဒီ အခု ထိပ်သီးဆွေးနွေးပွဲ အပြီးမှာပေါ့နော်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ရောပေါ့-အာဆီယံ counterparts တွေအနေနဲ့ရော မြန်မာပြည်အရေးဟာ အခုနကပြောသလို 5 points consensus ဟာ တနှစ်ကျော်ကြာသွားပြီ။ တိုးတက်မှုမရှိဘူး။ ဒီမရှိတဲ့အပေါ်မှာတော့ တိုးတက်မှုရှိလာအောင် ဘယ်လိုချဉ်းကပ်ပုံတွေနဲ့ သွားကြမလဲဆိုတာကတော့ ဒီထိပ်သီးအစည်းအဝေးပွဲမှာ issue တခုအနေနဲ့ ဆွေးနွေးအဖြေရှာကြလိမ့်မယ်လို့ ဒီလိုပဲ နားလည်ထားပါတယ်။

အင်ကြင်းနိုင်။ ။ အခု ဒေါ်ဇင်မာအောင်က ဒီထိပ်သီးဆွေးနွေးပွဲကျင်းပနေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့အခါမှာ အာဆီယံခေါင်းဆောင်တွေနဲ့ရော တွေ့ဖို့ရှိလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တော့ တွေ့ဖို့ရှိပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်းပဲ အာဆီယံနဲ့ ယူအက်စ် ခေါင်းဆောင်တွေကိုပေါ့နော်- အထူးသဖြင့် NUG နဲ့ရော တခြား Stake holders တွေနဲ့ပါ တွေ့သင့်တယ်ဆိုလို့၊ ပြီးတော့ ထူးထူးကဲကဲတိုက်တွန်းခဲ့တဲ့ခေါင်းဆောင်တယောက်ဖြစ်သလို သူကိုယ်တိုင်လည်းပဲ ကျမရောက်နေတဲ့အချိန်မှာတွေ့ဆုံဖို့လို့ သဘောတူထားတာရှိပါတယ်။ သူကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုပြီးသားဆိုတော့ ကျမ တွေ့ဖို့ရှိပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အခု အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဘက်က အာဆီယံကို သူအဆိုပြုထားတဲ့အထဲမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ထိတွေ့ဆက်ဆံဖို့ပေါ့နော်- ဒီအချက်ကကော တခြားအာဆီယံအဖွဲ့ဝင်တခြားနိုင်ငံတွေက သဘောတူမယ်လို့ ထင်လားရှင့်။

ဒေါ်ဇင်မာအောင်။ ။ ကျမထင်တယ်၊ ၁၀၀% သဘောတူချင်မှတော့ တူလိမ့်မယ်။ တချို့နိုင်ငံတွေကလည်း silent ဖြစ်တြယ်ပေါ့နော်၊ တိုးတိုးတိတ်တိတ်ပဲ ရှိကြတယ်။ တချို့နိုင်ငံတွေကတော့ ဒီ 5 points consensus ဟာ အလုပ်မဖြစ်ဘူး၊ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ အကောင်အထည်မဖော်နိုင်သေးဘူး၊ stuck ဖြစ်နေတယ်၊ ရပ်တန့်နေတဲ့အပေါ်မှာ အာဆီယံရဲ့ credibility ကိုကျဆင်းစေတယ်လို့ မြင်နေပြီးတော့ပေါ့လေ-တနည်းတဖုံနဲ့တော့ break through လုပ်ရမယ်လို့ နားလည်ထားတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျမထင်တယ်၊ အာဆီယံတစုံလုံးအနေနဲ့ကတော့ အငြင်းပွါးစရာတွေရှိနေပေမယ့် တချို့ တချို့တဦးချင်း အဖွဲ့ဝင်နိုင်ငံတွေမှာတော့ သူတို့ alternative ပုံစံနဲ့ ချဉ်းကပ်ဖို့ စဉ်းစားနေကြပြီ၊ တချို့လည်း ထုတ်ဖေါ်ပြောဆိုလာကြပြီဆိုတော့ ကျမထင်ပါတယ်၊ အာဆီယံထဲမှာလည်းပဲ အတွေးသစ်အမြင်သစ်တွေ ရောက်လာလိမ့်မယ်လို့ ကျမ မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ တဘက်မှာလည်း လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားက စစ်ကောင်စီဘက်နဲ့ တော်တော်လေး ထိတွေ့ဆက်ဆံနေတာ ပိုများနေတယ်ပေါ့နော်-အထူးသဖြင့် လူသားချင်းစာနာမှုဆိုင်ရာမှာလည်း စစ်ကောင်စီဘက်က ဝန်ကြီးဦးကိုကိုလှိုင်ကို သူတို့ တရားဝင်ခန့်အပ်ထားတဲ့အပိုင်းတွေပေါ့လေ။ ဒီနေရာမှာ NUG ဘက်က တကယ်ပဲ အာဆီယံထဲမှာ ထိုးထိုးဖေါက်ဖေါက် ဆောင်ရွက်နိုင်မယ့်အနေအထားပေါ့နော်-အဲဒါမျိုးရောရှိလားရှင့်။ ဘာတွေအခက်အခဲတွေရှိလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ အခက်အခဲကတော့ ပြောရမယ်ဆိုလို့ရှိရင် လက်ရှိတာဝန်ယူထားတဲ့ အာဆီယံဥက္ကဋ္ဌကိုယ်တိုင်က (ပြောရမယ်ဆိုလို့ရှိရင်) ဘာလုပ်လုပ် စစ်တပ်ကသဘောတူမှ လုပ်လို့ရမယ်ဆိုတဲ့အထိုင်ကနေ စဉ်းစားနေတယ်လို့ ကျမတို့ ဒီလိုပဲနားလည်တယ်။ ဒါကြောင့်မို့လို့ တဘက်သတ်ပေါ့နော်-လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို သွားမယ်ဆိုလို့ရှိရင်လည်း လက်တွေ့ မြေပြင်က ပကတိအခြေအနေကို သူတို့နားလည်ဖို့လိုမယ်လို့ ကျမမြင်တယ်ပေါ့နော်။ နေပြည်တော်မှာထိုင်နေရုံနဲ့ တနိုင်ငံလုံးကို အုပ်ချုပ်လို့ရနေပြီလို့ ထင်လို့ရတဲ့အနေအထားမျိုး မဟုတ်တော့ဘူးပေါ့နော်-ဒါကြောင့်မို့လို့ လက်ရှိ အာဆီယံဥက္ကဋ္ဌအနေနဲ့ရော လူသားချင်းစာနာထောက်ထားမှုအကူအညီကို ပေးကြမယ့်အေဂျင်စီတွေအနေနဲ့က assessment ဆိုတာရှိတယ်ပေါ့နော်။ တကယ်တန်းကျတော့ assessment (အကဲဖြတ်ချက်) လုပ်တာလွဲလို့ရှိရင် implementation (လက်တွေ့အကောင်အထည်ဖော်မှု) ကလည်း လွဲမှာပဲ။ ..ဆိုတော့ ကျမထင်တယ်၊ တဘက်သတ်ပဲ တကယ့်ကို စစ်ကောင်စီရဲ့အသံကိုပဲ နားထောင်နေမယ်၊ သူခွင့်ပြုမှလုပ်မယ်ဆိုလို့ရှိရင် ငွေသာကုန်မယ်၊ အချိန်လည်းကုန်သွားမယ်၊ အလုပ်ဖြစ်မှာလည်းမဟုတ်ဘူး၊ အောင်မြင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအမံတွေလည်း ဖြစ်လာမှာလည်းမဟုတ်ဘူးလို့ ကျမအနေနဲ့တော့မြင်တယ်။ အဲဒီတော့ ချဉ်းကပ်ပုံကတော့ မှားနေတယ်။ One sided ပဲဖြစ်နေတယ်လို့ ကျမတို့ကတော့မြင်တယ်။ အဲဒီတော့ ကျမတို့က မြေပြင်ကအခြေအနေတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရောပေါ့- donor agency (အလှူရှင်အဖွဲ့အစည်း) တွေရော သိရှိအောင် ကျမတို့ ပြောပြနေတယ်။ ထို့အတူ ကျမတို့ NUG ရဲ့ မြေပြင်မှာရှိနေတဲ့ implementing partner တွေရှိတယ်။ နာမည်ထုတ်ဖေါ်ပြောဆိုလို့မရပေမယ့် တချို့ CDM အနေနဲ့သွားနေတာတွေရှိတယ်၊ မြေပြင်မှာ တကယ့်ဒုက္ခသည်တွေနဲ့ engage လုပ်ပြီးတော့ implementing လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်ဆိုတာကို ကျမတို့ ဖော်ပြထားပြီးဖြစ်တယ်၊ ရှင်းလင်းထားပြီးဖြစ်တယ်။ ကျမတို့သွားနေတဲ့ ပရိုဂရမ်တွေကိုလည်း သတင်းအချက်တွေပေးပို့ထားတာဖြစ်တယ်။ အဲဒီတော့ ကျမတို့ဘက်ကတော့ engagement လုပ်တဲ့နေရာမှာ စစ်ကောင်စီနဲ့ချည့်ပဲလုပ်နေလို့တော့ တကယ့်ဒုက္ခသည်တွေဆီ ရောက်မှာမဟုတ်ဘူး။ နောက်ထပ် လိုအပ်ချက်တခုရှိတယ်၊ ဒါ ဘာလဲဆိုတော့ cross border assistant ပဲ။ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးပေါ့။ ဒါတွေက လိုအပ်တယ်ဆိုတာကိုတော့ ကျမတို့ NUG အစိုးရဘက်ကနေပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့တိုက်တွန်းထားတာ ရှိပါတယ်။ အာဆီယံကိုလည်းပြောတယ်။ တခြား donor agency တွေကိုလည်းပြောတယ်။ နောက် မြန်မာပြည်နဲ့ပတ်သက်တဲ့ envoy တွေကိုလည်း ဒီအချက်တွေနဲ့ပတ်သက်လို့ ကျမတို့ ဆွေးနွေးထားတာတွေ ရှိပါတယ။

အင်ကြင်းနိုင်။ ။ အခုလက်ရှိ အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရံငွေ ဒေါ်လာ ၁ ဘီလီယံကိစ္စမှာရော NUG က ဘယ်လိုဆောင်ရွက်ဖို့ရှိလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ ကျမတို့ ကော်မတီဖွဲ့ထားတာလည်း ရှိပါတယ်။ ..ဆိုတော့ ဒါဟာ ကျမတို့အစိုးရရဲ့လုပ်ငန်းစဉ်များစွာထဲက တခုပေါ့။ အဲဒီတော့ ဒါကိုမျှော်ပြီးတော့ ကျမတို့လုပ်သင့်လုပ်ထိုက်တဲ့ တခြား ဘဏ္ဍာငွေရရှိရေးတွေကို မလုပ်ဘဲနဲ့နေလို့တော့ မရဘူးပေါ့။ ဒါ အားလုံးလည်းသိတဲ့အတိုင်းပဲ၊ ပြည်သူလူထုရဲ့အစိုးရစစ်စစ်လို့တောင် ပြောလို့ရတဲ့ ပြည်သူလူထုပိုက်ဆံနဲ့ပဲ ကူညီပံ့ပိုးမှုတွေနဲ့ပဲ ဒီ ဘဏ္ဍာရန်ပုံငွေတွေ၊ တော်လှန်ရေးရန်ပုံငွေတွေက လည်ပတ်နေရတာဖြစ်တယ်ပေါ့နော်။ တဘက်မှာလည်းပဲ ဒီ ဒေါ်လာ ၁ ဘီလီယံက အာဏာစပြီးသိမ်းလိုက်ကတည်းက ဒီ issue ကရှိလာတာပါ။ ဆိုတော့...တဘက်မှာလည်းပဲ အသိအမှတ်ပြုမှု politically ပေါ့ official recognition ဆိုတာနဲ့ရယ်၊ ကျမတို့ဘက်က financial institution တွေကို ဘယ်လောက် well functioning လုပ်နိုင်နေပြီလဲဆိုတဲ့အချက်အလက်တွေက အခုနကပြောတဲ့ ၁ ဘီလီယံကို ဘယ်အချိန်မှာ release လုပ်မလဲဆိုတာ တိုင်းတာရမယ့်အချက်အလက်တွေ၊ အခြေခံလိုအပ်ချက်တွေဖြစ်နေပါတယ်။ အဲဒီအတွက်လည်း ကျမတို့က ဒီအခြေခံလိုအပ်ချက်တွေနဲ့ပြည့်စုံအောင် တဘက်ကလည်း ကြိုးစားတယ်။ တဘက်ကလည်း အခုနကပြောသလိုမျိုးပေါ့နော်။ နိုင်ငံရေးအရ politically recognition ရလာအောင်လို့ပဲ ကျမတို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလိုအချိန်ပေးပြီးပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါ်ဇင်မာအောင်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ ကျမလည်း အခုလိုမျိုး ရှင်းရှင်းလင်းလင်း ပြောဆိုခွင့်ရတဲ့အချိန်လည်းပေးပြီး ပြောခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]


















============

XS
SM
MD
LG