သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေတိုး 


စစ်ကောင်စီက စစ်သားစုဆောင်းနေမှုမှတ်တမ်းပုံ (ဧပြီ ၂၀၂၄)
စစ်ကောင်စီက စစ်သားစုဆောင်းနေမှုမှတ်တမ်းပုံ (ဧပြီ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခုနှစ် အစပိုင်းကတည်းက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခံရသူတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းအတွက် စစ်ကောင်စီဘက်က လူစုဆောင်းနေတာ ဇန်နဝါရီလထဲမှာ အယောက် ၂၀၀ ဝန်းကျင် အထိရှိလာပြီး၊ စုဆောင်းခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ မုံရွာမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

အခုနှစ်ဆန်းပိုင်းကတည်းက စစ်မှုထမ်းဖို့ လူသစ်တွေ စစ်ကောင်စီတပ်က ရက်ဆက် ဖမ်းဆီး စုဆောင်းနေတာပါ။ နေ့ဘက် အချိန် ကူးတို့ဆိပ်ကနေ မုံရွာဘက်ကို ကူးလာတဲ့သူတွေ ဒီရက်ပိုင်းထဲ ဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

"ကျနော်တို့မုံရွာ နန်ချွန်၊ ညောင်ပင်ကြီး၊ ဇက်ကူးတို့၊ ယင်းမာပင်၊ ပုလဲ ကူးလာတဲ့ဟာတွေကို ဇက်ကူးတို့ကနေ ဆွဲတယ်။ ပြီးခဲ့တဲ့ ၈ ရက်နေ့ကလည်း အဲဒီညောင်ပင်ကြီး ကူးတို့ဆိပ်က ၄ယောက်။ နဂိုတုန်းကခေါ်တာတော့ မုံရွာဇက်ဆိပ်ကို စစ်ကူးတို့ဆိပ်လို့ ခေါ်တာကို။ အဲဒီ စစ်ကူးတို့ဆိပ်က ၃ယောက်။ ၈ ရက်နေ့ကတင် ၇ ယောက်ဆွဲတယ်။ အဲလိုပဲ ပတ်ချာလည်ဆွဲနေတယ်။ ညတွေကအစ ဧည့်စာရင်းစစ်တာလိုလို၊ ဘာလိုလိုပေါ့နော်။"

စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက မုံရွာမှာ ဖမ်းဆီးခံရသူတွေ ခပ်စိပ်စိပ်ရှိလာတာပါ။ လမ်းမှာသွားလာနေတဲ့ချိန် အပြင် နေအိမ်အထိရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်ခံရတာလည်း ရှိခဲ့ပါတယ်။ တချို့တွေ ပြန်လွတ်ခဲ့ပေမယ့် အခုနှစ်အစပိုင်းမှာ ဖမ်းဆီးခံလိုက်ရသူတွေတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရုံကလွဲပြီး ပြန်လွတ်မလာဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

"နှစ်သစ်မှာကိုက မုံရွာမြို့နယ်မှာ မုံရွာမြို့အပါအဝင် ၂၀၀ လောက်ပါသွားတယ်။ အဲဒီထဲမှာ မိန်းကလေး ၇ ဦးပါတယ်။ ဟိုတုန်းကတော့ လိုက်ရွေးရင် ၁၅သိန်း၊ သိန်း ၂၀ဆို ရွေးလို့ရတယ်။ အခုကတော့ ဒါနဲ့ပတ်သက်ပြီးတော့ သိန်း ၂၀ပေးလည်း မရဘူး၊ သိန်း ၅၀ပေးလည်း မရဘူး။ မိသားစုက တွေ့ရုံတော့ တွေ့ခွင့်ရတယ်ပေါ့။ တွေ့လို့ရရုံလောက်လေးပဲ လုပ်ပေးလို့ရတယ်။"

မုံရွာ-ကျောက္ကာ-အရာတော်လမ်း အသုံးပြုခွင့်ကို အခုလ ၅ ရက်နေ့ကစပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်က သွားလာခွင့်ယာယီပိတ်ခဲ့ပါတယ်။ မုံရွာကနေတဆင့် စစ်ကူပေးနေတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေလည်း မြို့အဝင်မှာ မကြာခဏဆိုသလို တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများတဲ့အတွက် မြို့တွင်းလှုပ်ရှားမှုတွေကို အရင်ကထက် ပိုတိုးပြီး တင်းတင်းကြပ်ကြပ် စစ်ဆေး လာတယ်လို့လည်း ပြောပြပါတယ်။

"သူတို့ဘက်က ၁၀ ရက်အတွင်းလောက်ကို လူ ၅၀ လောက်သေတယ်။ စစ်တပ်ဘက်က ကျတယ်ဆိုပြီးတော့ ၁၆ ရက်နေ့ညက သူတို့ကား ၃ စီးနဲ့လိုက်တာ။ ၃ စီးသွားတာ ၁ စီးက ချောက်ထဲထိုးကျလို့ မနေ့ကအထိ ကရိန်းနဲ့ဆွဲတင်မရဘူး သတင်းရတယ်။ အခုက ကားတွေကိုစစ်တယ်။ ကားတွေပေါ်ကနေ သူတို့လိုတာ မရဘူးဆိုရင် စပယ်ယာတွေကအစ အဖမ်းခံထားရတယ်။"

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရက်သတ္တပတ် ၂ ပတ်ကြာ ပိတ်ထားခဲ့တဲ့ မုံရွာ-ကျောက္ကာ-အရာတော်လမ်း ပြန်လည်အသုံးပြုလို့ ရပြီလို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။ လမ်းပိတ်ထားချိန်မှာ မဖြစ်မနေသွားလာရတဲ့ သူတွေကတော့ တောလမ်းအသုံးပြုပြီး သွားလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့တွင်းထဲမှာတော့ စစ်မှုထမ်းအတွက် စစ်ကောင်စီတပ်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြီးခဲ့တဲ့နှစ်ကတည်းက စခဲ့ပြီး အခုနှစ်အစပိုင်းမှာတင် အယောက် ၂၀၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG