သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က မူဆလင်တွေ NVC ကဒ် လုပ်ရေး သပိတ်မှောက်ထားတာကို ဘယ်လို ဖြေရှင်းမလဲ


မောင်တောခရိုင်က မွတ်ဆလင် ရွာ
မောင်တောခရိုင်က မွတ်ဆလင် ရွာ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာပါ အကြံပြုချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့က ကြိုဆိုခဲ့ပြီး တစ်ချို့အကြံပြုချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်မယ်၊ တစ်ချို့အချက်တွေကိုလည်း ဆက်ပြီး အကောင်အထည် ဖော်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ သတင်းမီဒီယာ သမားတွေကို ဒေသတွင်း သွားရောက် သတင်းရယူခွင့်ပြုရေး ဆိုတဲ့အချက်လည်း ပါဝင်တဲ့အတွက် အဲဒီ အချက်ကို စတင် အကောင်အထည် ဖော်တဲ့အနေနဲ့ မတ်လ ၂၈ ရက်နေ့က ပြည်တွင်းပြည်ပ သတင်းမီဒီယာသမား ၁၈ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ဘူးသီးတောင်၊ မောင်တော ဒေသဘက် နယ်မြေ အခြေအနေ လေ့လာရေးနဲ့ သတင်းရယူဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြံပြုချက်ထဲမှာ ဒေသတွင်းက လူတွေကို နိုင်ငံသားစိစစ်ရေး ကိစ္စတွေ ဆောင်ရွက်ပေးဖို့၊ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ အချက်တွေလည်း ပါဝင်ပါတယ်။ လက်ရှိအချိန် ဒေသတွင်းက မူဆလင်အသိုင်းအဝိုင်းဟာ NVC ကဒ်လို့ ခေါ်တဲ့ နိုင်ငံသားစိစစ်ခံမည့်သူများ ကိုင်ဆောင်ရမယ့် ကဒ် ပြုလုပ်လိုခြင်း မရှိ၊ သပိတ်မှောက်ထားတာကြောင့် အစိုးရက အခြား လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေအပေါ် ထိခိုက်နေတဲ့အကြောင်း ခုတပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောခရိုင်မြောက်ပိုင်းမှာ မူဆလင် ဒေသခံတွေက အစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကျီးကန်းပြင် ဌာနချုပ်နဲ့ အခြား စခန်း ၂ ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ပြီး လက်နက်တွေလည်း ယူဆောင်သွားခဲ့ကြပါတယ်။ ဒီ အခြေအနေက အစပြုပြီး နယ်မြေအတွင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်သမားတွေ နှိမ်နင်းရေး၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရရေးအတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ တစ်ပြိုင်နက်တည်း ည မထွက်ရ အမိန့်ထုတ်ပြန်တာ၊ တစ်နေရာကနေ တစ်နေရာ သွားလာတာတွေကို စိစစ်တာ၊ ပင်လယ်ပြင်ထွက် ငါးဖမ်းခွင့် ပိတ်ပင်တာတွေကိုပါ လုပ်ကိုင်ခဲ့ပါတယ်။

နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့တွေ ကျဆုံး ထိခိုက်ဒါဏ်ရာရတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့သလို၊ ဖြစ်စဉ်တွေအတွင်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က လူ့အခွင့်အရေး ချိုးဖေါက်မှု မျိုးစုံရှိတယ် ဆိုတဲ့ စွတ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအတွက် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ဖွဲ့ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေသလို၊ တပ်မတော်နဲ့ ပြည်ထဲရေး ဘက်ကလည်း သီးခြား စုံစမ်းစစ်ဆေးတာတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အခုဆိုရင် နယ်မြေ တည်ငြိမ်အေးချမ်းစ ပြုလာပါပြီ။ တပ်မတော်ဘက်ကလည်း နယ်မြေထဲမှာ စစ်ဆင်ရေးတွေ မလုပ်တော့ဘူး၊ နယ်မြေပြင်ပ တပ်အခြေစိုက် စခန်းတွေမှာပဲ အခြေပြုတော့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ မြေပြင် အခြေအနေကတော့ အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် မတိုင်ခင်က အခြေအနေမျိုး ပြန်မရောက်နိုင်သေးပါဘူး။ အကြောင်းကတော့ မူဆလင် အသိုင်းအဝိုင်းက NVC ကဒ် ပြုလုပ်ရေးကို သပိတ်မှောက်ထားမှု၊ အစိုးရဘက်ကလည်း အရာကိစ္စ အားလုံးအတွက် NVC ကဒ် လုပ်ဖို့ ဖိအားပေးမှု စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

ဥပမာအားဖြင့် မောင်တောခရိုင်အတွင်းမှာ နေထိုင်တဲ့ မူဆလင် အများစုဟာ အရင်က မောင်တောနဲ့ ဘူးသီးတောင် မြို့ပေါ်ကို လွတ်လွတ်လပ်လပ် သွားလာလို့ရသလို၊ နယ်စပ်ကုန်သွယ်ရေး အတွက် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သွားလို့ ရပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း အစိုးရဘက်ကနေ NVC ကဒ် ကိုင်ဆောင်တဲ့သူတွေကိုပဲ တစ်နေရာကနေ တစ်နေရာ သွားခွင့်ပေးတာ၊ တစ်ဖက်နိုင်ငံ သွားခွင့်ပေးတာ လုပ်လိုက်တဲ့အတွက် သွားရေးလာရေး ခက်ခဲကုန်ပါတယ်။ NVC ကဒ် မရှိသူတွေကို သက်ဆိုင်ရာ ကျေးရွာကနေ ထောက်ခံစာ တောင်းယူပြီး သွားလာဖို့ ခွင့်ပြုတယ် ဆိုပေမယ့် တစ်ခါသွား တစ်ကြိမ် ထောက်ခံစာ လုပ်ရတဲ့ အနေအထားမျိုးကြောင့် အခက်အခဲ ရှိမြဲတိုင်း ရှိနေသေးတာ တွေ့မြင်ကြရပါတယ်။

အလားတူ မောင်တောခရိုင်ဘက်က မူဆလင်တွေရဲ့ အဓိက လုပ်ငန်းတစ်ခုက စက်လှေတွေနဲ့ ပင်လယ် ငါးဖမ်းထွက်ကြတာပါ။ စက်လှေပိုင်ရှင်တွေထဲမှာ ရခိုင်တိုင်းရင်းသားတွေရော မူဆလင်တွေပါ ပါဝင်ပေမယ့် လှေလုပ်သား အများစုကတော့ မူဆလင်တွေပါ။ အစိုးရဟာ အကြမ်းဖက်မှု နောက်ပိုင်း ကာလ တစ်ခု စက်လှေတွေနဲ့ ငါးဖမ်းခွင့် ပိတ်ပင်ထားပါတယ်။ နောက်ပိုင်း စက်လှေတွေကို မှတ်ပုံတင်၊ လှေထိုးသားတွေကိုလည်း မှတ်ပုံတင်ပြီးရင် ခွင့်ပြုမယ် လို့ ကြေငြာပါတယ်။ ဒါပေမယ့် လှေသူကြီး၊ လှေထိုးသား အားလုံး NVC ကဒ်ကိုင်ဆောင်ထားသူတွေကိုသာ မှတ်ပုံတင်ခွင့် ပေးမယ်လို့ သတ်မှတ်လိုက်တဲ့အခါ အကြမ်းဖက်မှု ဖြစ်ပွားပြီးတာ ၆ လနီးပါး ကြာလာတဲ့တိုင် ဒီကနေ့အချိန်ထိ စက်လှေတွေနဲ့ ငါးဖမ်းထွက်တဲ့အဆင့် ရောက်မလာနိုင်သေးပါဘူး။ အကြောင်းကတော့ လှေလုပ်သားတွေဖြစ်တဲ့ မူဆလင် အများစု NVC ကဒ် ပြုလုပ်ရေး သပိတ်မှောက်ထားကြပြီး သူတို့လက်ဝယ်မှာ NVC ကဒ် ရှိမနေလို့ပါ။

အစိုးရကတော့ NVC ကဒ် လုပ်ဖို့ ဆက်ပြီး ဖိအားပေးနေဆဲပါပဲ။ မောင်တောခရိုင်ရဲ့ ကျေးရွာတစ်ချို့မှာ လက်ရှိ အုပ်ချုပ်ရေး အဖွဲ့မှာ ပါဝင်သူတွေ NVC ကဒ် လုပ်ရမယ်၊ မဟုတ်ရင် ထုတ်ပယ်ပြီး NVC ကဒ်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ဖွဲ့မယ် ဆိုပြီး အမိန့်ကြေငြာချက်တွေ ထုတ်ထားတာလည်း တွေ့ရပါတယ်။ ဒီလို ဖိအားတွေပေးတဲ့တိုင် မူဆလင် အများစုကြီးက NVC ကဒ် မလုပ်ကြသေးပါဘူး။ သူတို့ အပြောအရတော့ ဟိုးအရင်က သူတို့မိဘတွေ လက်ထက်မှာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသား မှတ်ပုံတင်တွေ ကိုင်ဆောင်ထားခဲ့တယ်။ နောက်ပိုင်း အဲဒီ ကဒ်တွေကို သိမ်းပြီး White Card လို့ခေါ်တဲ့ ယာယီသက်သေခံ ကဒ်ပြားတွေ ကိုင်ဆောင်ခဲ့ရတယ်။ အဲဒီ ကဒ်တွေ ကိုင်ဆောင်ထားတုန်းက နယ်မြေတွင်း သွားလာခွင့်ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်လည်း ကုန်ကူးလို့ရတယ်၊ ငါးဖမ်းထွက်လို့ရတယ်၊ တစ်ကြိမ်က မဲပေးခွင့်လည်း ရခဲ့တယ်၊ အခု NVC ကဒ်ကတော့ အဲလို မသေခြာမရေရာတာကြောင့် မလုပ်ချင်ဘူးလို့ ငြင်းဆန်နေကြတာဖြစ်ပါတယ်။

တကယ်လည်း မောင်တောခရိုင်ထဲမှာ မူဆလင် လူဦးရေ ၇ သိန်းခွဲနီးပါးထဲမှာ NVC ကဒ် လုပ်ထားသူ ၄၆၀၀ ကျော်ပဲ ရှိနေတာပါ။ မူဆလင် လူဦးရေရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် NVC ကဒ် လုပ်မထားတာ တွေ့နိုင်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ခရီးသွားလာရေး၊ နယ်ခြားဖြတ်ကျော် ကုန်ကူးရေး၊ ငါးဖမ်းခွင့်ရရေး နဲ့ အခြားသော အရေးကိစ္စ အမျိုးမျိုးအတွက် NVC ကဒ် လုပ်ပြီးသူတွေကိုပဲ ခွင့်ပြုမယ် ဆိုတဲ့ အနေအထားအောက်မှာ အားလုံးအခက်တွေ့ကုန်ကြတာ ဖြစ်ပါတယ်။

ဒီအတွက် အစိုးရဟာ ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်မှာ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဒေသခံတွေ အလုပ်လုပ်ကိုင်နိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး စတာတွေအတွက် လက်ရှိ အကောင်အထည် ဖော်နေတဲ့ NVC ကဒ် ပြုလုပ်ရေး စီမံကိန်းကြီးကို အသေအခြာ ပြန်လည် သုံးသပ်သင့်ပါတယ်။ အဲဒီဒေသက မူဆလင်တွေ NVC ကဒ် လုပ်လာအောင် အခြားနည်းလမ်းသုံးပြီး မရ၊ ရအောင် စည်းရုံးဆွဲဆောင်မလား၊ ဒါမှမဟုတ် NVC ကဒ် မဖြစ်မနေ လုပ်ဖို့ သတ်မှတ်ထားတာကို ပြန်သုံးသပ်မှာလား တစ်ခုခု အဖြေရှာပြီး ပြသနာကို လက်တွေ့ကျကျ အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG