သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဇာတိ ဇီးကုန်းမှာ စည်းရုံးရေး ဆင်းမှုအပေါ် ဒေသခံတွေ ဝေဖန်


၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ဝင်ပြီး ယှဉ်ပြိုင်မယ့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ပဲခူးတိုင်းက ဇီးကုန်းမြို့နယ် အတွင်းမှာ ဒေသခံတွေကို မျက်စိ စမ်းသပ်ပေးတာ၊ မျက်မှန် အခမဲ့ လုပ်ပေးတာတွေနဲ့ စည်းရုံး မဲဆွယ်နေတယ်လို့ ဇီးကုန်းမြို့ခံတွေက ပြောပြပါတယ်။ တခြား နိုင်ငံရေးပါတီ အတော်များများက ပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အခုလို ငွေကြေးအင်အားသုံးပြီး မဲဆွယ် စည်းရုံးတာတွေ လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ဝင်ကြမယ့် တခြား နိုင်ငံရေး ပါတီတွေကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့သား တဦးဖြစ်တဲ့ မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ သူ့ဇနီးနဲ့အတူ သြဂုတ်လ ၁၈ ရက်နေ့က ဇီးကုန်းမြို့ကို ရောက်လာခဲ့ပြီး ဒေသခံတွေကို အခမဲ့ မျက်စိ စမ်းသပ်ပေးတာ၊ မျက်မှန်တွေ အခမဲ့ ဝေတာတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ မျက်စိဆရာဝန်တွေနဲ့ မဟုတ်ဘဲ မျက်မှန်ပါဝါ စမ်းသပ်မှု ကျွမ်းကျင်ရေးသမားတွေနဲ့ ၃ ရက်ကြာ အခမဲ့ စမ်းသပ်ပေးနေတာ ဖြစ်တယ်လို့ အဲဒီနေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဇီးကုန်းမြို့ခံ တဦးက ပြောပြပါတယ်။

“ကျမတို့ ပထမကြားတာတော့ မျက်စိနဲ့ ပတ်သက်ပြီး မျက်စိဝေဒနာရှင်တွေကို လာပြီး စမ်းသပ်ပေးတယ်၊ မျက်မှန်လုပ်ပေးတယ်။ အခမဲ့ဆိုတော့ စိတ်ဝင်စားလို့ သွားတယ်။ စမ်းသပ်ပေးတယ်ဆိုတာ မှန်ဘီလူးနဲ့ ဘာနဲ့ စမ်းသပ်တာ မရှိဘူး။ ကျမတို့က မျက်စိပါရဂူတွေ ပြတယ်ဆိုပြီး သွားတာပေါ့၊ အင်တိုက်အားတိုက်။ ဟိုကျတော့ ထင်သလို မဟုတ်ဘူးပေါ့။ တချို့ကျတော့လည်း အပြင်ရောက်တော့ ဘယ်လိုစမ်းတာလဲ ပြောပြီး ပြန်သွားတဲ့လူတွေ အများကြီးရှိတယ်။ စမ်းသပ်ပြီးတော့ သူတို့က ၂၅ ရက်နေ့ ပြန်လာပါဆိုပြီး ရေးပေးလိုက်တယ်။ ၂၅ ရက်နေ့ မျက်မှန်လာယူပါလို့ ပြောတယ်။

“မနေ့က ကျမတို့ နေ့ခင်းပိုင်း တိုကင်သွားယူတာတော့ နံပါတ် ၆၀၀ ကျော်ရတယ်။ ဒါပေမဲ့ မနက်ပိုင်း ၅၄ လည်း အဲဒီလိုပဲ၊ ဝေဒနာရှင်တွေလည်း မျက်မှန်ရလိုက်တယ်လို့ ကြားတယ်။ ဒီနေ့လည်း စမ်းသပ်နေတာပဲ။ တုံကင်ကတော့ နံပါတ် ၁,၀၀၀ ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့ အဲဒီလောက်လည်း မပြီးလောက်ဘူး။ တချို့ ပြန်တဲ့လူတွေကလည်း များတယ်၊ စိတ်မရှည်လို့။ ရုတ်ရုတ် ရုတ်ရုတ်တွေနဲ့ ဘယ်လိုတွေမှန်းကို မသိဘူး၊ ပြောရမယ်ဆိုရင်။ မဝတလူကြီးတွေ၊ နယ်ထိန်းတွေ၊ အဲဒီလိုပဲတွေ့တယ်။ သူတို့လာပြီး လုပ်တယ်ဆိုတာ သူတို့ဘက်က စွဲဆောင်တဲ့ သဘောပေါ့။ သူတို့က တိုက်ရိုက်သာမပြောတာ၊ ဒါပေမဲ့ အဲဒီလို သဘောတော့ သက်ရောက်တယ်။”

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ အခမဲ့ မျက်မှန်တွေကို အခုလိုဝေနေတာ သူလုပ်ပေးတာ မဟုတ်ဘဲ မျက်မှန်ကုမ္ပဏီတွေက အလှူဒါန ပြုတာသာ ဖြစ်ပါတယ်လို့ မျက်မှန်လာစမ်းတဲ့ လူတွေကို ပြောပြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ အရင်က ကိုယ့်ဇာတိမြို့လေးရဲ့ ပညာရေးဆိုင်ရာ အပါအဝင် တခြား လိုအပ်ချက်တွေကို တခါမှ လာလုပ်ပေးတာ မရှိဘဲနဲ့ အခုမှ မျက်မှန်တွေကို အခမဲ့ လာဝေတာဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက် ဇီးကုန်းမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝန်ကြီး ဦးဉာဏ်ဝင်း မဲလာဆွယ်တာသာ ဖြစ်တယ်လို့ မြို့ခံတွေက မြင်ကြပါတယ်။

“သူကတော့ ဒါ မျက်မှန်လုပ်ပေးတဲ့ လူတွေက လာပြီးတော့ လှူတာပါ။ သူက ဘေးက ရပ်တည်ပေးရုံ သက်သက်ပါတဲ့။ ဘယ်တုန်းကမှလည်း ဒီလိုလာလုပ်ပေးတာ မရှိခဲ့ဘူးလေ။ အကြာကြီး ဒီမြို့ခံတယောက် အနေနဲ့ ဒီမှာက ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေမှာ ဘာမှ ကူညီထောက်ပံ့ခဲ့တာ မရှိခဲ့ဖူးဘူး။ အခု မဲပေးခါနီး အချိန်ကျမှ ဒီလိုလာတယ်ဆိုတော့ လာပြီး စည်းရုံးတယ်လို့ပဲ ယူဆပါတယ်။

“အခု မျက်မှန်လုပ်ပေးတဲ့ အချိန်လောက်ပါပဲ။ သူတို့အတွက်က ပြည်သူလူထုဆိုတာ မြန်မာနိုင်ငံက အရမ်းကို စီးပွားရေး ကျပ်တည်းနေတဲ့ နိုင်ငံကိုး၊ သူတို့အတွက် လာပြီး ကုပေးမယ်ဆိုတော့ သက်သာမယ်လေ ဆိုပြီးတော့ သွားတာလောက်ပဲ ရှိပါတယ်။”

ပဲခူးတိုင်း အနောက်ခြမ်းက ဇီးကုန်းမြို့ခံ အမျိုးသမီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲရဖို့အတွက် အာဏာ၊ ငွေကြေး၊ အင်အားတွေသုံးပြီး မဲဆွယ်မှု လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးကို ဖျက်ဆီးနေတဲ့ အမည်းစက်တွေသာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံ ပြည်သူကို လာဘ်ထိုးပြီး နိုင်ငံရေး အသာစီးရအောင် လုပ်တယ်ဆိုရင်တော့ ဒီလုပ်ကွက်က မကောင်းပါဘူး။ မြန်မာနိုင်ငံ ပြည်သူတွေကို လူမှုရေး နာကျင်မှုတွေ သက်သာအောင် မျက်မှန်တွေပေးတယ်၊ ထောက်ပံ့မှုတွေ ပေးတယ်ဆိုရင်တော့ တမျိုးပေါ့။ အဲဒီလို မဟုတ်ဘဲ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိဖို့ လာဘ်ထိုးတယ်ဆိုရင် လာဘ်ထိုးတဲ့ ပါတီတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ကဖျက်ယဖျက် လုပ်တယ်၊ ဖျက်ဆီးရာရောက်တယ်၊ အမည်းစက်ထင်အောင် လုပ်တယ်လို့ပဲ ပြောရမှာပေါ့။ ဘာကြောင့်လဲဆို အင်မတန်မှကို ဆိုးဝါးတဲ့ ကျင့်စဉ်ကြီးကို ကျင့်သုံးနေပြီလို့ပဲ ပြောကြရမှာပေါ့။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတဝန်း နေရာတော်တော်များများမှာ ငွေကြေးအင်အားနဲ့ လူအင်အားတွေ သုံးပြီး အဖွဲ့ဝင်သစ်တွေ စုဆောင်းတာ၊ မဲဆွယ် စည်းရုံးတာတွေကို ပြုလုပ်နေတာပါ။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးပါတီ တော်တော်များများမှာတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ ငွေကြေး အခက်အခဲတွေ၊ ပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ အပြင် သတ်မှတ်ထားတဲ့ ဥပဒေရဲ့ အကန့်အသတ်တွေကြောင့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဆိုပေမဲ့ အခုချိန်ထိ မဲဆွယ်မှုတွေကိုတောင် ထိထိရောက်ရောက် မလုပ်နိုင်ကြသေးပါဘူး။

XS
SM
MD
LG