သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မနီလာသိန်း ဗိုလ်တထောင် ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံရ


၈၈ ကျောင်းသူ မနီလာသိန်း
၈၈ ကျောင်းသူ မနီလာသိန်း

မြန်မာနိုင်ငံ တရားဥပဒေစီရင်ရေး အထက်မှာ စစ်တပ်ရှိနေပြီး တရားရေးမဏ္ဍိုင်ဘက်ကလည်း လွန်ဆန်လို့ မရတဲ့အတွက် ဖမ်းဆီးခံကျောင်းသားတွေ ဖိနှိပ်ခံရမှု အခြေအနေ ပိုပြီး ဆိုးနေကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် တဦး ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဗိုလ်တထောင်ရဲစခန်းကနေ မနီလာသိန်းကို အင်္ဂါနေ့ ညဘက်အချိန်မှာ နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရဲစခန်းမှာ တာဝန်ရှိသူတွေနဲ့ ပြောဆိုပြီးနောက် ရဲဘက်ကပြန်လွှတ်ပေးလိုက်တဲ့အတွက် နေအိမ်ကို ညသန်းခေါ်ကျော်အချိန်ပြန်ရောက်လာတဲ့ မနီလာသိန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူ့က အခုလို စပြောပါတယ်။

မနီလာသိန်း ။ ။ ကျမကို ဗိုလ်တထောင် ရဲစခန်းက ခေါ်တယ်ဆိုပြီး ကျမတို့ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာခေါ်တဲ့အခါမှာ ဘယ်ရဲကိုမှ အိမ်ထဲ အဝင်မခံဘူး။ ကျမ လိုက်သွားတယ်။ လိုက်သွားတဲ့အခါမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လိုက်ခဲ့မယ် ဆိုပြီး ရဲစခန်းကို လိုက်သွားတယ်။ ရဲတွေကတော့ လမ်းထိပ်မှာ ကားတွေနဲ့ အကုန်စောင့်နေတာပေါ့။ ရဲစခန်းထဲ မဝင်ခင်မှာ စခန်းမှူးကို ကျမ အရင်မေးတယ်။ ကျမကို ဘာကြောင့်ခေါ်တာလဲ။ ဘာအကြောင်းကြောင့် ခေါ်တာလဲ ဆိုတာ ကျမကို ပြောပြပါလို့ ကျမပြောတယ်။ အဲတော့ သူကပြောတာက ဗိုလ်တထောင်တရားရုံးမှာ ရုံးထုတ်တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ သူတို့ရဲ့ ရဲဝန်ထမ်းက ထိခိုက်ဒဏ်ရာရသွားတယ်။ အဲဒီအတွက် မင်္ဂလာတောင်ညွန့်စခန်းက ဒုရဲအုပ် ရန်ပိုင်ကနေ တရားစွဲဆိုတဲ့အတွက် ကျမတို့ကို ခေါ်ယူခြင်းဖြစ်တယ်လို့ ပြောပါတယ်။

မအင်ကြင်းနိုင်။ ။ မနီလာသိန်းကို လာပြီး ဖမ်းဆီးတဲ့ပုံက လူထုဆန္ဒမဲနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ အခုလို ရဲ ကနေ မနီလာသိန်းတို့ကို ညဘက် ရောက်မှ လာပြီး ဖမ်းဆီးတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်သင့်လားရှင့်။

မနီလာသိန်း။ ။ အခုဆိုရင် ညကြီးမိုးချုပ်၊ နောက် မီးကိုလည်း အမှောင်ချပြီးတော့မှ ဖမ်းတာ။ မီးကို ဖြတ်ချလိုက်ပြီဆိုတာနဲ့ ကျမသိတယ်။ ဒီမှာက မီးက အလှည့်ကျပျက်နေတယ်ဆိုတော့ ဘယ်အချိန်ပျက်လဲဆိုတာ ခန့်မှန်းလို့ရတယ်။ မီးဖြတ်ချလိုက်ပြီဆိုတာနဲ့ ကျမကို မကြာခင် လာခေါ်တော့မယ်ဆိုတာ ကျမသိတယ်။ ဘာကြောင့် ညကြီးမိုးချုပ်ရောက်မှ အသည်းအသန် ကျမတို့ကို လာပြီး ဖမ်းရတာလဲ၊ လာခေါ်ရတာလဲ ကျမမေးတယ်။ ကျမကို သူတို့က လိုက်ရှာနေရလို့လို့ ပြောတယ်။ ပိတောက်ချောင်း ဘက်တွေ၊ လှိုင်ဘက်မှာရော ကျမကို သူတို့ လိုက်ရှာနေလို့ ၊ ကျမ ဘယ်မှာ နေမှန်းမသိလို့တဲ့။ ကျမက ပြန်ပြောတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ တနေကုန် ရှာလို့ရပါတယ်။ အခုဟာက ညကြီးမိုးချုပ် မှောင်ကြီးမဲကြီး ကျမှ၊ ပြီးလို့ရှိရင် အချိန်မတော်မှ လာခေါ်တယ်။ ပြီးတော့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းယူခဲ့ပါ။ အာမခံပေးမယ် လို့ပြောတယ်။ ကျမက ဘာမှ မယူခဲ့နိုင်ဘူးလို့ ပြောတယ်။ ညကြီး မိုးချုပ်မှ အာမခံမယ့်သူက ကျမက လိုက်ရှာရမယ်ဆိုတာမဖြစ်နိုင်ဘူး၊ ကျမ မရှာနိုင်ဘူးလို့ ပြောလိုက်တယ်။ အဲတော့ ကျမကို လိုက်ရှာနေရတဲ့အတွက် အခု မိုးချုပ်မှ နေတဲ့နေရာကို သိရတဲ့အတွက် အခုမှ ရောက်လာရတာလို့ ရဲဘက်ကပြောတယ်။

အင်ကြင်းနိုင်။ ။ ရဲစခန်းရောက်သွားတော့ စောစောက မနီလာသိန်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ အပြန်အလှန်ပြောဆိုပြီးနောက်မှာ သူတို့က ဘယ်လိုပြန်လွှတ်ပေးလိုက်တာလဲ။

မနီလာသိန်း။ ။ သူတို့ပြောတာက သူတို့ရဲ ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ကျမကို မင်္ဂလာတောင်ညွန့် ဒုရဲအုပ် ရန်ပိုင် ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ကျမကို တရားစွဲဆိုလို့ ဖမ်းတယ်။ ဟုတ်ပြီ။ အဲဒါဆိုရင် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ဆေးမှတ်တမ်းရှိလား။ ဆေးစာရှိလား။ အဲဒီလိုမေးတော့ အဲဒါတွေကို တရားရုံးရောက်မှ ဆက်ပြီး လုပ်ဆောင်မယ့်အပိုင်း ဖြစ်တယ်လို့ ပြောတယ်။ အဲတော့ ကျမကလည်း ဟုတ်ပြီ။ သူတို့ရဲ့ စစ်ဆေးမေးမြန်းတာကို ကျမလုံးဝမခံခဲ့ဘူး။ အဖေ၊ အမေ နာမည်နဲ့ နေရပ်လိပ်စာ ကျမရဲ့ ကိုယ်ရေးအကျဉ်း အဲဒီလောက်ပဲ ကျမ ဖြေခဲ့တယ်။ ပြီးတော့ ခံဝန်ကို ကျမကို ထိုးခိုင်းတယ်။ ကျမက သူတို့ချိန်းတယ် တရားရုံးကို လာမယ်ဆိုတဲ့ ခံဝန်ကို ထိုးခိုင်းတယ်။ ကျမက မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တဖက်စောင်းနင်း သူတို့က မတရားလည်း လုပ်သေးတယ်။ သူတို့လိုချင်တဲ့ ဘောင်အားလုံး ကျမက လုပ်ဆောင်ပေးရမယ်ဆိုတဲ့ဟာမျိုး ကျမက မလုပ်ဆောင်ပေးနိုင်ဘူး။ ကျမလက်မှတ်မထိုးလို့ ကျမကို မလွှတ်ဘူးဆိုရင်လည်း ရတယ်လို့။ ကျမ ဒီရဲစခန်းမှာပဲ နေလိုက်မယ်လို့ ကျမပြောတယ်။ အဲဒီအခါမှာ ကျမနဲ့ အတူတူပါလာတဲ့ ၈၈ က အမနဲ့ ရှေ့နေ ကိုလင်းကနေပြီးတော့ လက်မှတ်ထိုးပေးလိုက်တယ်။ အာမခံရယ်လို့တော့ မဟုတ်ဘူး။ သူတို့နှစ်ယောက်က ဒီကိစ္စကို သိရှိကြောင်းလက်မှတ် ထိုးပေးလိုက်တယ်။

မအင်ကြင်းနိုင်။ ။ သူတို့ပြောသလို ဒီရဲတယောက်က ဒဏ်ရာရသွားတဲ့အတွက် မနီလာသိန်းနဲ့ ဘယ်လို ပတ်သက်နေလို့ သူ့တို့က လာဖမ်းရတာလဲရှင့်။

မနီလာသိန်း။ ။ အဓိက ကျမအဲဒါကြောင့်မို့လို့ ကျမပြောလိုက်တယ် ကျမက ရဲဝန်ထမ်းတယောက် ဒဏ်ရာရတယ်ဆိုတာနဲ့ ကျမကိုညမိုးချုပ်မှာလာဖမ်းတယ်။ အခုအဲဒီနေ့တုန်းကဆိုရင် မီဒီယာ မှတ်တမ်းတွေလည်းအကုန်ရှိတယ်။ မီဒီယာတွေအများကြီး လူပုံလည်မှာ နေ့လည် လင်းလင်းထင်းထင်းမှာ ဘယ်သူ တဦးတယောက်မှ ဒဏ်ရာရတယ်ဆိုတာလည်းမရှိဘူး။ ထိခိုက်သွားတယ်ဆိုတာလည်းမရှိခဲ့ဘူး ဒါအားလုံးမှတ်တမ်းတွေရှိကြမှာပဲ။ အဲဒါကို အခု လိမ်ပြီးတော့ပေါ့နော် ၊ အမှုဆင်ပြီးတော့ သူတို့ဘက်ကနေ ဒဏ်ရာရသွားပါတယ် ဆိုတဲ့ စွဲချက်နဲ့ လာပြီးတော့ ကျမအပါအဝင် လူ ၅ ဦးကို တရားစွဲဆိုဖို့ ပြင်ဆင်နေတာပေါ့။

မအင်ကြင်းနိုင်။ ။ အဲဒီ ၅ ဦးထဲမှာ ကျန်တဲ့သူတွေက ဘယ်သူတွေလဲရှင့်။

မနီလာသိန်း။ ။ ကျန်တဲ့လူတွေက ကိုနိုင်လင်း၊ မရှားယမုံ၊ နိုင်ကိုသူ၊ လင်းယံထက် ။ ကျမရှေ့နေကနေပြီးတော့ ဒီလို ညမိုးချုပ်ရှာပြီးဖမ်းတယ်ဆိုတာကို လက်မခံဘူးပေါ့။ ကျန်ရှိနေတဲ့ ကလေးတွေကိုလည်း ညမိုးချုပ်ဖမ်းတာမလုပ်ဖို့ ရှေ့နေကပြောတယ် အဲဒါကို သူတို့လက်ခံတယ်။ အဲဒီတော့ နောက်နေ့မနက်ကျမှ ကျန်တဲ့၄ ယောက်က ရဲစခန်းကို လာပါလိမ့်မယ်။

မအင်ကြင်းနိုင်။ ။ သူတို့စွဲထားတဲ့ အမှုကရော ဘာစွဲချက်တွေနဲ့ ဖမ်းတာပါလဲရှင့်။

မနီလာသိန်း။ ။ ကျမက သူတို့နဲ့တော့ မေးမြန်းခဲ့တာမရှိဘူး။ ကျမ ဘယ်သူ့မှ စစ်ဆေးမေးမြန်းမှုမှ မခံဘူးလို့ကျမပြောထားတဲ့အတွက် ကျမကို ဘာပုဒ်မတွေနဲ့ တပ်ထားသလဲဆိုတာ သေချာမသိဘူးပေါ့နော်။ အွန်လိုင်းအပေါ်မှာတွေ့တာကတော့ ပုဒ်မ ၄ ခုလောက်ရှိတယ်ရှင့်။

မအင်ကြင်းနိုင်။ ။ ဒီဖြစ်စဉ်ကို ကြည့်ရင် ရဲတွေဘက်က အမှုဆင်ပြီးဖမ်းဆီးတယ် မနီလာသိန်းတို့ယူဆထားတယ်ဆိုရင် ဘာကြောင့်ဒီလိုဖမ်းဆီးဖို့ ကြိုးစားတာလဲရှင့်။

မနီလာသိန်း။ ။ အခုက ဒါက ရှင်းရှင်းလင်းလင်းမြင်သာပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က တပ်နဲ့ပတ်သက်တာကို အပြုသဘော သံချပ်နဲ့ ပြောဆိုတင်ဆက်မှုတွေနဲ့ တပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောဆိုတဲ့အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လူတွေကို ဖမ်းဆီးတယ်။ တပ်နဲ့ပတ်သက်လာရင် တပ်က ဖြစ်စေချင်တဲ့ ပုံစံအတိုင်းလိုက်ပါဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတွေ အခုဆိုရင် မြို့နယ်မှူး၊ စခန်းမှူး၊ ရဲတပ်ဖွဲ့ ဒါတခုလုံးက တပ်နဲ့ပတ်သက်တာကို ဖြစ်ချင်တဲ့ပုံစံအတိုင်း အကုန်လိုက်လုပ်ပေးနေတာကို ကျမတို့တွေ့ရတယ်။ ဒါဟာလည်းအရှင်းဆုံးပြောရင် အဂတိပဲ အဲဒီတော့ တဖက်စောင်းနင်း လုပ်ဆောင်နေတာလည်း အဂတိပဲ။ တရားရေးမဏ္ဍိုင်က တဖက်စောင်းဖြစ်နေတယ်။ ကျောင်းသားတွေနဲ့ ပတ်သက်ပြီဆိုရင်လည်း လက်ထိပ်မခတ်တဲ့အတွက် ပြောတဲ့အတွက် အခုဆိုရင်လည်း လက်ထိပ်ခတ် တာကို သူတို့မြင်ချင်တယ်။ အဲဒီတော့ ကားနဲ့ကို လာစောင့်ကြည့်ရတယ် လက်ထိပ်ခတ်ပေးရတယ်။ အဲလိုမျိုး ထမင်းစားတာတောင်မှ လက်ထိပ်မဖြုတ်ရဲဘူး။ တရားဥပဒေအထက်မှာ လူတစုရှိနေတယ်။ အဲဒီ လူတစုစေခိုင်းမှုကို ပြည်ထဲရေးအောက်က ရဲတပ်ဖွဲ့အကုန်လုံးက လုပ်ဆောင်ပေးနေတဲ့ဟာပေါ့ ကျမတို့ရဲ့ ဥပဒေဘောင်အထဲကနေ ဖြောင့်ဖြောင့်မတ်မတ်ကျမတို့က ဆက်လုပ်သွားမယ်။

မနီလာသိန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG