ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်တဲ့ အရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်ဟာ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်သွားတဲ့အတွက် နယ်စပ်ဖြတ်ကျော်မှုပုဒ်မ ၁၃ (၁) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း မန္တလေး မဟာအောင်မြေမြို့နယ် တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ပြန်လွတ်လာပြီးနောက် အရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင် ဟာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာ မကြာခဏဆိုသလို ဆေးဝါးကုသမှု သွားခဲ့တာပါ။ အဲဒီလို သွားရာမှာ တာချီလိတ်-မယ်ဆိုင်နယ်စပ်ကနေ ချင်းရိုင်ဆေးရုံကြီးမှာ ဆေးကုသဖို့အတွက် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကို ဖြတ်ကျော်ပြီး ၇ ရက်စာ ခွင့်တောင်းပြီး ပုံမှန်သွားခဲ့တာ ၂၀၁၃ ခုနှစ်က စခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။
သူဟာ ချင်းရိုင်ဆေးရုံကြီးမှာ ပုံမှန်အကြိမ်ကြိမ် ဆေးကုသဖို့အတွက် သွားလာတိုင်း နယ်စပ်ဖြတ်ကျော်တဲ့ လက်မှတ်တွေ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ ထိုင်းနိုင်ငံက အပြန်မှာ နယ်စပ်ဖြတ်ကျော်တဲ့ လက်မှတ်ကို ချစ်ကြည်ရေးတံတား မြန်မာနိုင်ငံဘက်ကို တောင်းခံရာမှာ ငြင်းပယ်ခဲ့တာကြောင့် နောက်ဆုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်တာ ခံခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။
“လဝက အက်ဥပဒေ ၁၃-၁ နဲ့ ချတယ်။ နောက်တခုက သူတို့က ကျမတို့ သက်သေတွေ တင်ခဲ့တာကို လက်ခံတယ်။ ကြားနာတယ်ပေါ့လေ။ ဒါပေမဲ့ နောက်ဆုံး ဦးဇင်းဖြတ်ခဲ့တဲ့ဟာမှာ ဦးဇင်းက ရက်လွန်ကြေးပေါ့ ၂၀၀ ပေးခဲ့တယ်။ ဘတ် ၅၀၀ ပေးခဲ့တယ်။ အဲဒီအပေါ်တွေကိုတော့ သူတို့က လက်ခံတယ်။ ဒါပေမဲ့ သူတို့က ဘာပြောလဲဆိုတော့ အဲဒီ ဖြတ်ခဲ့တဲ့လက်မှတ်တွေက တံတားက မပေးဘူးလေ။ သူတို့က သိမ်းထားတာကိုး။ ကျမတို့ အမျိုးမျိုး ကြိုးစားခဲ့ပေမဲ့ မရဘူး။ အဲဒီဥစ္စာ မတင်နိုင်လို့မို့လို့ သူတို့က ဒါနဲ့ ချတာလို့ ပြောပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အဲ့လိုမျိုး ချလိုက်တယ်။ အဲဒီ ရှေ့နေတွေနဲ့ ခုခံချေပတဲ့ အခါမှ သူတို့က ရှေ့နေတွေနဲ့ ခုခံချေပတာကိုကျတော့ လက်ခံတယ်။ နောက်ဆုံး အဲဒီဟာပါပဲ။ နောက်ဆုံး အဲဒီသက်သေကို ကျမတို့က မတင်လိုက်နိုင်တာ။ မတင်နိုင်တာ ဆိုတာကလည်း သွားတောင်းတယ်။ ကိုညီညီလွင် အမျိုးသမီးက တံတားပေါ်မှာ သွားတောင်းတယ်။ တောင်းပေမဲ့လို့ မရခဲ့ဘူး။ သူတို့က အဲဒါကို မပေးနိုင်ဘူး။ အထက်ရဲ့အမိန့်နဲ့မှ ပေးမှာဆိုပြီး အဲ့လိုမျိုးတွေ ငြင်းတာ။”
သူဟာ အကျဉ်းထောင်က လွတ်ခါစမှာ နိုင်ငံကူူးလက်မှတ်ကို တောင်းခံခဲ့ပေမဲ့ ငြင်းပယ်ခံရတာကြောင့် နောက်ဆုံး နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုသဖို့အတွက် စီစဉ်ခဲ့ရတာလို့ ဆိုပါတယ်။ အခုလက်ရှိအထိ ကျန်းမာရေးအရ ဆေးဝါးကုသမှု လိုအပ်နေသေးတဲ့ အခြေအနေ ရှိနေတယ်လို့ မိသားစုက ပြောပါတယ်။
“သူက လွတ်လာပြီးတော့ ရန်ကုန်မှာ ပတ်စ်ပို့လုပ်ဖို့အတွက် သွားတယ်။ ဒါပေမဲ့ ၂ လကျော် ၃ လပေါ့နော် အချိန်ကြာခဲ့တယ်။ ပြီးရင် သူတို့က reject လုပ်လိုက်တာ။ မပေးဘူးပေါ့။ လုပ်လို့မရဘူးဆိုပြီးတော့မှ သူတို့က မပေးဘဲထားတာ။ အဲဒါကြောင့်မို့လို့ ထိုင်းမှာ တံတားပေါ်ကနေ ဖြတ်ပြီးတော့မှ ပတ်စ်ပို့လုပ်သေးတယ်။ မထုတ်ပေးတာ။ နှစ်ဆင့်ပေါ့လေ။ ဦးနှောက်အရင်ဆုံး ခွဲစိပ်ရတယ်။ နောက် နှာခေါင်းပေါ့ လေးဆင့် ခွဲစိပ်တာ။ အဲဒီအဆင့်တွေ အကုန်ပြီးသွားပြီဆိုပေမဲ့ ဆေးရော သူက အဲ့လို ဆက်ပြီး စောင့်နေရသေးတာပေါ့။ လုပ်ရဦးမယ်။ မပြီးသေးဘူး။ ဆေးသောက်နေရတဲ့ အခြေအနေ ရှိနေသေးတာ။”
များသောအားဖြင့် နယ်စပ်တွေမှာ ထိုင်းနိုင်ငံဘက်ကို ဆေးကုသမှုသွားမယ်ဆိုရင် ၇ ရက် ခွင့်ပြုပေးတဲ့ လက်မှတ်တွေကို ထုတ်ပေးလေ့ ရှိပါတယ်။ တာချီလိတ်နဲ့ မယ်ဆိုင်ဘက်မှာတော့ အခုလိုမျိုး ၇ ရက် ခွင့်ပြုတဲ့ လက်မှတ်တွေကို ထုတ်ပေးလေ့ရှိပြီး၊ ထိုင်းနိုင်ငံဘက်က ဆေးရုံတွေမှာ ဆေးကုခဲ့ကြတာပါ။ ၇ ရက်နဲ့ မလုံလောက်ဖူးဆိုရင် သက်တမ်း ဆက်တိုးသွားမျိုးတွေကို လုပ်ရလေ့ရှိတဲ့အကြောင်း အကြီးစား ခွဲစိတ်မှုတွေ အပါအဝင် တခြားကျန်းမာရေးအရ ဆေးကုသမှုတွေအတွက် ထိုင်းနိုင်ငံဘက်ခြမ်းကို သွားရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပြောပြပါတယ်။ အခု ကိုညီညီလွင်ကတော့ မြို့နယ်တရားရုံးကနေ စီရင်ချက်ချလိုက်ပြီး အကျဉ်းထောင်ထဲမှာလည်း ၃ လကျော်လောက် နေထိုင်ခဲ့ပြီးတာကြောင့် နောက်ထပ် အယူခံ ဆက်တက်တော့မှာ မဟုတ်တဲ့အကြောင်း မိသားစုက ပြောဆိုခဲ့ပါတယ်။