သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်ဖြေလျှော့


မြန်မာအစိုးရခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားတာကို အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေးလိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့အခါ အမေရိကန်နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာ ခွင့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ လျှော့မပေးဘူးဆိုရင် သမ္မတဦးသိန်းစိန်ဟာ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်ပတ်ဝန်းကျင်တဝိုက်မှာပဲ သွားလာခွင့်ရမှာပါ။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီး လုပ်ဆောင်နေတာနဲ့အမျှ သူနဲ့သူ့ရဲ့အစိုးရတို့ကို ပိုပြီး အနီးကပ် ထိတွေ့ ဆက်ဆံသွားဖို့ မိမိတို့ရဲ့စိတ်ဝင်စားမှုကို အချက်ပြတဲ့အနေနဲ့ အိုဘားမားက အခုလိုဆုံးဖြတ်ခဲ့တာလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တွမ်မ်မီ ဗိုင်တာ (Tommy Vietor) ကိုကိုးကားပြီး အေပီသတင်း မှာရေးထားပါတယ်။

ဒါဟာ အလုံးစုံ ရုပ်သိမ်းပေးလိုက်တာမဟုတ်ဘဲ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ အထောက်အထားရှိတဲ့ မြန်မာတာဝန်ရှိသူတွေအပေါ် အမေရိကန်က ဆက်ပြီး စိစစ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူအမျိုးသမီး ကိုင်တ်လင်း ဟေးဒန်န် (Caitlin Hayden) ပြောပါတယ်။

သမ္မတအိုဘားမားက အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပိုပြီး နားလည်လာနိုင်စေမယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ဗိုင်တာ က ပြောပါတယ်။

သမ္မတဦးသိန်းစိန်၊ မြန်မာအစိုးရ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက် နိုင်ပြီး နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တွန်းအားပေး ဖို့အခွင့်အလန်း ရမှာဖြစ်ပြီးတော့ အဓိကကျတဲ့ ပြုပြင် ပြောင်းလဲလိုသူတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမေရိကန်မူဝါဒအကြောင်း ပိုပြီးနားလည်စေနိုင်လိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိ သူ ဟေးဒန်ကလည်း ပြောပါတယ်။
XS
SM
MD
LG