သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မန်ဒဲလားအကျဉ်းကျခဲ့တဲ့ ရော်ဘင်(န်)ကျွန်း လေ့လာ


အမေရိကန်သမ္မတနဲ့ သမ္မတကတော် ရော်ဘင်(န်) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတနဲ့ သမ္မတကတော် ရော်ဘင်(န်) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ ဒီကနေ့ တောင်အာဖရိကနိုင်ငံ Cape Town မြို့မှာရှိတဲ့ ရော်ဘင်(န်) (Robben) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံ မှာ အသားအရောင်ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ Nelson Mandela ထောင်ဒဏ် ၂၇ နှစ်မှာ ၁၈ နှစ် အကျဉ်းချခံခဲ့ရတဲ့ အကျဉ်းခန်းအပြင်၊ ANC အာဖရိကန်အမျိုးသား ကွန်ဂရက်က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ကြိုးပမ်းခဲ့ကြတဲ့ တခြားခေါင်းဆောင်တွေ အလုပ်ကြမ်း လုပ်ခဲ့ရတဲ့ ထုံးကျောက်တွင်းကိုလည်း သွားရောက်ကြည့်ခဲ့ပါတယ်။

အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားခဲ့သူ လည်းဖြစ် ရော်ဘင်(န်) ထောင် အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ အသက် ၈၃ နှစ်အရွယ် Ahmed Kathrada က သမ္မတအိုဘားမားနဲ့ မိသားစုကို အကျဉ်းထောင်ထဲ လိုက်ပြခဲ့တာပါ။ ဒီလေ့လာမှုဟာ မစ္စတာမန်ဒဲလား လိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ သွားရောက် တာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ Cape Town မြို့ခရီးစဉ်မှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tu Tu) ဖွင့်ထားတဲ့ ကျန်းမာရေး စင်တာကို သွားရောက်လေ့လာဖို့ ရှိသလို၊ Cape Town တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေကို သမ္မတအိုဘားမား မိန့်ခွန်းပြောဖို့ရှိပါတယ်။

အာဖရိကတောင်ပိုင်းနိုင်ငံတွေမှာ လျှပ်စစ်မီး အခုထက် ၂ ဆပိုရရှိရေး အစီအစဉ်သစ်အကြောင်းနဲ့ အာဖရိတိုက် တောင်ပိုင်းနိုင်ငံ ခေါင်းဆောင်ေတွရဲ့ ထိပ်သီးစည်းဝေးပွဲ ကို ရှေ့နှစ်ကျရင် ဝါရှင်တန်မြို့တော်မှာ ကျင်းပဖို့ရှိတဲ့ အစီအစဉ်ကို သမ္မတ အိုဘားမား မိန့်ခွန်းထဲမှာ အသိပေးပြောလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
XS
SM
MD
LG