သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာဖရိကခရီးစဉ် အဆုံးသတ်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အရှေ့အာဖရိကဒေသ ခရီးစဉ်ကို ဒီကနေ့ပဲ အဆုံးသတ်လိုက်ပါပြီ။ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော်မှာ တည်ရှိတဲ့ အာဖရိကသမဂ္ဂ AU မှာ မိန့်ခွန်းပြောခဲ့တဲ့ လက်ရှိအာဏာရ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်ပါတယ်။

ကင်ညာနဲ့ အီသီယိုးပီးယားနိုင်ငံတို့ကို သမိုင်းဝင် ခရီးစဉ်သွားရောက်ခဲ့ပြီး သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းမှာတော့ သမ္မတအိုဘားမားက အာဖရိကဒေသအတွက် ထူးကဲတဲ့ တိုးတက်မှုတွေကို ချီးကျုးသွားခဲ့ပါတယ်။ ဖွံ့ဖြိုးမှုတွေ ဆက်လက်ဖြစ်ထွန်းပြီးနဲ့ အားလုံးအတွက် ဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားနေမှ အဲ့လိုတိုးတက်မှုတွေကို ထိန်းထားနိုင်မယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

မစ္စတာ အိုဘားမားက HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်း ကျဆင်းတဲ့ဖြစ်ရပ်ကအစ အာဖရိကဒေသခံ သန်းပေါင်းများစွာကို ဆင်းရဲတွင်းကနေ ကယ်တင်ပေးနိုင်ခဲ့တာအဆုံး အာဖရိကဒေသရဲ့ အောင်မြင်မှုတွေကို ချီးကျူးပြောကြားသွားခဲ့တာပါ။

အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဌ Nkosazana Dlamini Zuma နဲ့ အစည်းအဝေးပြုလုပ်ပြီး စားသောက်ကုန်စက်ရုံတခုကိုလည်း သွားရောက် လေ့လာပြီးတဲ့နောက် Addis Ababa မြို့တော်က AU ဌာနချုပ်မှာ သမ္မတ Obama အခုလို ပြောသွားတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn နဲ့ သူ့အခေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပြီး၊ သတင်းထောက်တွေနဲ့ အတိုက်အခံပါတီတွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုဖို့တော့ အီသီယိုးပီးယားအစိုးရကို တိုက်တွန်းသွားပါတယ်။

သတင်းထောက်တွေနဲ့ အတိုက်အခံတို့ရဲ့ အသံတွေဟာ လက်ရှိအစိုးရရဲ့ လုပ်ငန်းအစီအစဉ်တွေကို အနှောင့်အယှက်တွေကို မဖြစ်စေဘဲ ပိုပြီး အားကောင်း အထောက်အကူ ဖြစ်စေတယ်လို့ ပြောခဲ့ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အီသီယိုးပီးယားဝန်ကြီးချုပ် Desalegn ကလည်း သူ့နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှာ တိုးတက်အောင်လုပ်ဆောင်ဖို့ အလေးအနက်ရှိပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကားဖို့ အလေးထားလုပ်ဆောင်တာ တကယ်ပါ၊ အပေါ်ယံ မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။

တနင်္လာနေ့မှာပဲ ကင်ညာ၊ ယူဂမ်ဒါ၊ အီသီယိုးပီးယားနဲ့ AU ခေါင်းဆောင်တွေနဲ့ မတွေ့ခင်မှာ သမ္မတ Obama က တောင်ဆူဒန်နိုင်ငံက ပြည်တွင်းစစ်အရေးကို အာရုံစိုက်ပြောသွားခဲ့သေးပြီး၊ နိုင်ငံရဲ့ အခြေအနေက ပိုပို ဆိုးလာနေတယ်လို့ ဆိုပါတယ်။ တောင်ဆူဒန်ခေါင်းဆောင်တွေအနေနဲ့ သြဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရအောင်လုပ်ဆောင်ဖို့ တနင်္လာနေ့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG