သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားနဲ့ ကျူးဘားခေါင်းဆောင် သီးသန့်တွေ့ဆုံမည်


အမေရိကန်သမ္မတ အိုဘားမား (ဝဲ) နဲ့ ကျူးဘားခေါင်းဆောင် Raul Castro တို့ ပနားမားမြို့တော်မှာ တွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၁၅)

အမေရိကန်သမ္မတ Barack Obama နဲ့ Cuba သမ္မတ Raul Castro တို့ကြား ဒီကနေ့ စနေနေ့မှာ သမိုင်းဝင် တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။ Panama
နိုင်ငံမှာကျင်းပနေတဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ယောက် သီးသန့် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ကျူးဘား ခေါင်းဆောင်နှစ်ယောက်ကြား ၁၉၅၆ခုနှစ်ထဲကဆိုရင် ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးမှာဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပုံမှန်ပြန်လည်စတင်မယ့်အစီအစဉ်တွေကို ၂၀၁၄ ဒီဇင်ဘာမှာ ခေါင်းဆောင်နှစ်ယောက် ကြေညာခဲ့ပြီးနောက်မှာ ခုလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတာပါ။ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲလုပ်တဲ့ သောကြာနေ့ညပိုင်းတုန်းကလည်း သမ္မတအိုဘားမားနဲ့ သမ္မတ Castro တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ အတွက် ဆယ်စုနှစ်တွေနဲ့ချီ ရန်ဆောင်နေခဲ့ကြတဲ့ ဆက်ဆံရေးကို နောက်ချန်ထားခဲ့ဖို့ ကြိုးစားတဲ့ သင်္ကေတအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြပါတယ်။

သောကြာနေ့က ခေါင်းဆောင်နှစ်ယောက်ဆုံကြလို့ နှုတ်ဆက်တာမျိုးသာဖြစ်ပြီး အနှစ်သာရရှိတဲ့ ပြောဆိုဆွေးနွေးတာမျိုးမရှိခဲ့ဘူးလို့ အိုဘားမားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် တောင်အာဖရိကသမ္မတဟောင်း Nelson Mandela ရဲ့အသုဘအခမ်းအနားမှာတုန်းက တကြိမ်၊ သမ္မတအိုဘားမားနဲ့ ကျူးဘားသမ္မတ Castro တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြဖူးပါတယ်။

အမေရိကန်အစိုးရထုတ်ပြန်ထားတဲ့ အစိုးရတွေကိုယ်တိုင် ပံ့ပိုးထောက်ခံတဲ့ အကြမ်းဖက်နိုင်ငံများစာရင်းထဲကနေ ကျူးဘားနိုင်ငံကို ပယ်ဖျက်ပေးဖို့ ဒီကနေ့ ခေါင်းဆောင်နှစ်ယောက်တွေ့ဆုံပွဲမှာ သမ္မတအိုဘားမား ကြေညာနိုင်မယ်ယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီးတော့ တကယ်လို့ ကြေညာခဲ့မယ်ဆိုရင် အင်မတန်ထူးခြားမယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

အမေရိကန်နဲ့ကျူးဘား နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်စနိုင်ဖို့ ဆွေးနွေးမှုတွေမှာ ကျူးဘားဘက်ကတောင်းဆိုနေတဲ့ အဲဒီစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုက အတားအဆီးတခုအဖြစ်ရှိနေတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG