သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးကြောင့် ရုရှားအပေါ် အရေးယူမှုအသစ်ချမှတ်


ယူကရိန်းနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရုရှားက ဆက်လက် ပါဝင်ပတ်သက်နေတာအတွက် အရေးယူဒဏ်ခတ်မှုအသစ်တွေကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ကြေညာလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တာ၊ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်လိုက်တာအပါအဝင် လူပုဂ္ဂိုလ် ၇ ဦးနဲ့ ကုမ္ပဏီ ၁၇ ခုကို အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဒီကနေ့ပဲ စာရင်းထုတ်ပြန်သွားပါတယ်။

ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်မှုရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့အရာရှိတွေ နဲ့ ဘဏ်ငွေကြေးအသွင်းအထုတ်တချို့ကို ရည်ရွယ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု ပုံစံအတိုင်းပဲ လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ဒီကနေ့ပဲပြောထားတာပါ။

ဒီရည်ရွယ်ချက်ကတော့ မစ္စတာပူတင်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး၊ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်ပြီး လက်ရှိ သူ့လုပ်ဆောင်ချက်တွေဟာ ရေရှည်အတွက် ရုရှားရဲ့စီးပွားရေးကို ဘယ်လိုဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း သူ့ကိုသိစေပြီးတော့ ယူကရိန်းပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းရာမှာ အပြောချည်းသပ်သပ်မဟုတ်ဘဲနဲ့ အလုပ်နဲ့ လက်တွေ့သက်သေပြဖို့ သူ့ကို အားပေးတိုက်တွန်းရာရောက်အောင် လုပ်တာပါလို့ ဖိလစ်ပိုင်မှာရောက်နေတဲ့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

တကယ်လို့သာ ယူကရိန်းနဲ့ပတ်သက်ပြီးတော့ ရုရှားက ရန်လိုတဲ့ အပြုအမှုတွေကို ရှေ့ဆက်ပြသမယ်ဆိုရင် ဘဏ်လုပ်ငန်းနဲ့ကာကွယ်ရေးလုပ်ငန်းလို အပိုင်းတွေမှာ ပိုပြီးကျယ်ပြန့်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်တာမျိုး အမေရိကန်ပြည်ထောင်စုက နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်မယ်လို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

ဒီအတောတွင်းမှာပဲ Ukraine ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv မြို့မှာ မြို့တော်ဝန်ကို လက်ဖြောင့်သေနတ်သမားက ပစ်ခတ်လို့ ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ်။ မြို့ပြင်ဘက်မှာ စက်ဘီၤးစီးနေတဲ့ မြို့တော်ဝန် Hennady Kernes ကို ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သေနတ်သမားက နောက်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG