သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနဲ့ပစိဖိတ်ဒေသ အမေရိကန်လွှမ်းမိုးမှု တိုးမြင့် ဆောင်ရွက်မည်


အရှေ့အာရှထိပ်သီးညီလာခံ/ အာဆီယံ-အမေရိကန် အစည်းအဝေး (မှတ်တမ်းဓါတ်ပုံ)
အရှေ့အာရှထိပ်သီးညီလာခံ/ အာဆီယံ-အမေရိကန် အစည်းအဝေး (မှတ်တမ်းဓါတ်ပုံ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် APEC ခေါ် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို အမေရိကန်သမ္မတ Barack Obama တက်ရောက်ဖို့ရှိပြီး အဲဒီကနေမှ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီး ညီလာခံအတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိနေတာကြောင့် ဒီ ခရီးစဉ်တွေအတွင်း သမ္မတ ဆွေးနွေး ဆောင်ရွက်သွားမယ့် အချက်တွေကို အိမ်ဖြူတော်က ကြေညာချက် ကြိုတင် ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ အိုဘားမား အစိုးရက အာရှ - ပစိဖိတ်ဒေသ ဆက်ဆံရေး ချိန်ခွင်လျှာညှိရေး မူဝါဒကို ချမှတ်ပြီး အာရှတိုက်နဲ့ ဆက်ဆံရေးကို ဦးစားပေး ဆောင်ရွက်နေတာကြောင့် ညီလာခံအတွင်း ပစိဖိတ်ရပ်ဝန်းဒေသက နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးလျ၊ ဂျပန်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ တည်ဆဲ မဟာမိတ် သဘောတူညီချက်တွေ ပိုမို အားကောင်းအောင် လုပ်ဆောင်သွားမယ့်အပြင် မဟာမိတ်အဖြစ် ရေရှည် တည်ရှိခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်တဲ့အကြောင်း၊ PTT လို့ခေါ်တဲ့ ပစိဖိတ် ရပ်ဝန်းဒေသ နိုင်ငံမှာ စီးပွားရေး ပူးပေါင်းရွက်မှုတွေ တိုးမြင့်ဆောင်ရွက်နေတဲ့ တချိန်ထဲမှာပဲ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်သွားမယ်လို့ ဆိုပါတယ်။

သမ္မတ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်လည်း အထူးသဖြင့် ကူညီ ထောက်ပံ့ ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် အားပေးသွားမှာ ဖြစ်တဲ့အပြင် ပိုမို နီးစပ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ့်အကြောင်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ အခုလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေရဲ့ ရလဒ်အပေါ် အခြေခံပြီး ရွေးကောက်ပွဲ ရလဒ်တွေ တရားဝင်မှုရှိအောင် ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်သလို ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ အာဏာလွဲပြောင်းမှု ဖြစ်ပေါ်လာအောင် မြန်မာပြည်သူတွေအပါဝင် အစိုးရနဲ့ပါ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲ နောက်ဆက်တွဲအဖြစ် ဆက်လက် ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲကို သမ္မတ အိုဘားမား တက်ရောက်ဖု့ိရှိပြီး အဲဒီ စည်းဝေးပွဲပြီးဆုံးတဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တခြား အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားဟာ မလေးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း YSEALI လို့ခေါ်တဲ့ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင်တွေအပါအဝင် အာရှတိုက်အတွင်းက လူငယ်ခေါင်းဆောင်တွေနဲ့လည်း သီးခြား တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ မလေးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာဒုက္ခသည်စခန်း တခုကိုလည်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ သွားရောက် လည်ပတ်ဖို့ ရှိပါတယ်။

XS
SM
MD
LG