သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 အစည်းအဝေးတက်ဖို့ သမ္မတအိုဘားမား တူရကီရောက်


အမေရိကန် သမ္မတ အိုဘားမားနဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့ G-20 ထိပ်သီးဆွေးနွေးပွဲ အစ ဒီကနေ့မှာ တွေ့ဆုံ။
အမေရိကန် သမ္မတ အိုဘားမားနဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့ G-20 ထိပ်သီးဆွေးနွေးပွဲ အစ ဒီကနေ့မှာ တွေ့ဆုံ။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို သောကြာနေ့က တိုက်ခိုက်ခဲ့သူတွေကို ကူညီ ဖော်ထုတ်ချေမှုန်းဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကတိပြုပြောဆိုလိုက်ပြီး အာရေဗစ် ဘာသာစကားနဲ့ Daesh လို့ ခေါ်ကြတဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို ချေမှုန်းရေးကို ပိုပြီး တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

တူရကီနိုင်ငံ Antalya မြေထဲပင်လယ် အပန်းဖြေမြို့မှာ ကျင်းပနေတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲ အစ ဒီကနေ့ တနင်္ဂနွေနေ့မှာ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ အမေရိကန် သမ္မတ တို့ တွေ့ဆုံပြီးနောက်မှာ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်ဖို့ အတွက် တခြား အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ချက်တွေကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်သလို ပြင်သစ်၊ တူရကီနဲ့ တခြားဒေသက လူတွေကို အတိ ဒုက္ခပေးနေတဲ့ လက်နက်ကိုင် အဖွဲ့တခု အဖြစ် Daesh လို့ ခေါ်တဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို ဆထက်တပိုး တိုးပြီး ချေမှုန်းသွားမယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မှာ သောကြာနေ့ညက တိုက်ခိုက်မှုကို ရှုတ်ချပြီး ပြင်သစ်နိုင်ငံနဲ့ စည်းလုံးညီညွတ်စွာ ရှိမယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

မူမမှန်တဲ့ အတွေးအခေါ်တွေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာတွေက ပြင်သစ်နိုင်ငံ တခုတည်းတင် တူရကီ နိုင်ငံ တခုတည်းတင် မဟုတ်ပါဘူး၊ ဒီ တိုက်ခိုက်မှုဟာ ကမ္ဘာ့ ပြည်သူတွေကို တိုက်ခိုက်မှု ဖြစ်ပါတယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက တူရကီနိုင်ငံ မြို့တော် အန်ကာရာက လက်ဝဲဝါဒီတို့ရဲ့ချီတက်ပွဲမှာ ဗုံး ၂ လုံးပေါက်ကွဲပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရမှုကို ရည်ညွှန်းပြီး သမ္မတ အိုဘားမား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပဲရစ်မြို့တော်နဲ့ အန်ကာရာမြို့တို့က တိုက်ခိုက်မှုတွေကို လုပ်ခဲ့တယ်လို့ အစ္စလာမ္မစ် အစွန်းရောက် IS တို့က ပြောဆိုထားတာပါ။ စက်မှု ထိပ်သီး နိုင်ငံ ၂၀ ရဲ့ G- 20ထိပ်သီးဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ သောကြာနေ့ ပြင်သစ်နိုင်ငံ တိုက်ခိုက်ခံရမှုကို အဓိကထားပြီး ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကတော့ သောကြာနေ့မှာ ပဲရစ်မြို့တော် တိုက်ခိုက်ခံရမှု အပြီးမှာဘဲ အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။G- 20 ထိပ်သီးအစည်းအဝေး အတွက် တူရကီ အပန်းဖြေစခန်းမြို့ Antalya မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။ G- 20 နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေက ထိပ်သီးခေါင်းဆောင်တွေ၊ ထိပ်တန်း အစိုးရ အရာရှိတွေ၊ သတင်းထောက် ၃၀၀၀ ကျော်တို့ ရောက်ရှိနေကြတဲ့ Antalya မြို့ တဝိုက်မှာတော့ တူရကီ စစ်သား နဲ့ ရဲ ၁ သောင်း ၂ ထောင် အစောင့်ချထားပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပရာ ဒေသရဲ့ ဝေဟင်မှာလည်း ၂၄ နာရီ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို တပ်ဆင်ထားတယ်လို့လည်း တူရကီ စစ်တပ် အရာရှိတို့က ပြောဆိုထားပါတယ်။

XS
SM
MD
LG