သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှခေါင်းဆောင်တွေနဲ့တွေ့


အမေရိကန်သမ္မတ အိုဘားမား (ယာ)၊ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (လယ်)၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (ဝဲ) နဲ့အတူ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြသည့် ခေါင်းဆောင်များ အုပ်စုလိုက်ဓါတ်ပုံ ရိုက်နေကြစဉ် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အမေရိကန်သမ္မတ အိုဘားမား (ယာ)၊ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (လယ်)၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (ဝဲ) နဲ့အတူ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြသည့် ခေါင်းဆောင်များ အုပ်စုလိုက်ဓါတ်ပုံ ရိုက်နေကြစဉ် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ အမေရိကန် သမ္မတ ဘရက် အိုဘားမားဟာ ဒီကနေ့ အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သမ္မတ အိုဘားမားရဲ့ နှစ်နိုင်ငံကြား တွေ့ဆုံမယ့် အစီအစဉ်တွေထဲမှာ ပထမဆုံးကတော့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ပါ။
အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကတော့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကအစ နျူကလီးယား မပြန့်ပွားရေး၊ သဘာဝကပ်ဘေးဒဏ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအဆုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးဖို့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးပွဲဟာ အဓိကကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ မြင်တဲ့အကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို (Yudhoyono) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အင်ဒိုနီးရှားစစ်တပ်ကို ခေတ်မှီတဲ့ စစ်တပ်ဖြစ်အောင် သင်တန်းနဲ့ အထောက်အပံ့တွေ ကူညီပေးဖို့အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမယ့် အစီအစဉ် အများအပြားကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

စီးပွားရေးဆိုင်ရာ ကိစ္စရပ်မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်တွင်းလေကြောင်းလိုင်း Lion Air ကနေ Boeing ဂျက်လေယာဉ် အများအပြား ဝယ်ယူမယ့် သဘောတူစာချုပ် ကြာသပတေးနေ့က လက်မှတ်ရေးထိုး နိုင်ခဲ့တာကို သမ္မတ အိုဘားမားက ကြိုဆိုခဲ့ပါတယ်။ ဒေါ်လာ သန်းပေါင်း ၂၂ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ 737 Boeing ဂျက်လေယာဉ်အစင်းပေါင်း ၂၃၀ ရောင်းချမယ့် အစီအစဉ်ဟာ ကုမ္ပဏီရဲ့ သမိုင်းမှာ အကြီးမားဆုံး ရောင်းချမှုဖြစ်တယ်လို့ လေယာဉ်ကုမ္ပဏီက မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ လူထုကျန်းမာရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ တိုးတက်မှုရှိစေမယ့် လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၆၀၀ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့က လက်မှတ်ထိုးဖို့ရာ စီစဉ်ထားတယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုခဲ့ပါတယ်။
သမ္မတဟာ အရှေ့အာရှထိပ်သီးညီလာခံ ညစာစားပွဲကို မတက်ရောက်ခင် ဒီညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှားအပါအဝင် ဖိလစ်ပိုင်၊ မလေးရှားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြပြီး အမေရိကန်ရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းနေကြတဲ့ အာရှနိုင်ငံတွေက ခေါင်းဆောင်တချို့နဲ့လည်း သမ္မတ အိုဘားမား တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG