အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဆက်ဆံရေး ချဲ့ထွင်ဖို့နဲ့ အဲဒီဆက်ဆံရေးတွေ ခိုင်မာစေဖို့အတွက် ၁၀ ရက်တာ အာရှခရီးစဉ်ကို သောကြာနေ့ စတင်မှာ ဖြစ်ပါတယ်။
ရှေးဦးစွာ မစ္စတာ အိုဘားမားဟာ အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှိနေစဉ်အတွင်း အမေရိကန် သမ္မတဟာ အိန္ဒိယ ပါလီမန်မှာ မိန့်ခွန်းပြောကြားပြီး နှစ်နိုင်ငံအကြား အရပ်ဘက်သုံး နျူကလီးယား သဘောတူညီချက်ကို အပြီးသတ်ဖို့ လိုအပ်ကြောင်း ဖော်ပြလိမ့်မယ်လို့ ယူဆရပါတယ်။
သမ္မတ အိုဘားမားရဲ့ အင်ဒိုနီးရှား ခရီးစဉ်ကတော့ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်တဲ့ နိုင်ငံတခုဖြစ်ပြီး ဒီမိုကရေစီ ထွန်းကား အောင်မြင်တဲ့ နိုင်ငံတခုအဖြစ် အရေးပါကြောင်း ပြသရာ ရောက်စေလိမ့်မယ်လို့ အိမ်ဖြူတော် အရာရှိတွေက ဆိုကြပါတယ်။
အင်ဒိုနီးရှားအပြီး သွားရောက်မယ့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာတော့ နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပမယ့် G-20 ထိပ်သီးစည်းဝေးပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ဆိုးလ်မြို့တော်မှာ ရှိနေစဉ်အတွင်း သမ္မတ အိုဘားမားဟာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ တွေ့ဆုံပြီး ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် နှစ်ပတ်လည်မှာ အမေရိကန် တပ်ဖွဲ့တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။