သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးတဲ့ ရဲ ၅ ဦးကို အိုဘားမား Dallas မှာဂုဏ်ပြု


ပြီးခဲ့တဲ့သီတင်းပတ်က Texas ပြည်နယ် Dallas မြို့မှာ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရတဲ့ ရဲအရာရှိ ၅ ဦးတို့အတွက် ကျင်းပတဲ့ အောက်မေ့ဘွယ် ဝတ်ပြုဆုတောင်းပွဲကို အမေရိကန်သမ္မတ Barack Obama ကိုယ်တိုင် အင်္ဂါနေ့က တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။ ကျဆုံးခဲ့ကြသူတွေအတွက် ရည်စူးကျင်းပတဲ့ အဲဒီဆုတောင်းပွဲ အခမ်းအနားကို နိုင်ငံရေးသမားတွေ၊ ရဲအမှုထမ်းတွေအပြင် အမေရိကန် သမ္မတဟောင်းတဦးလည်း တက်ရောက်ခဲ့တာပါ။ ဗွီအိုအေသတင်းထောက် Amanda Scott သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

မကြာသေးခင်က Louisiana နဲ့ Minnesota ပြည်နယ်တွေမှာ လူမည်းနှစ်ဦးကို လူဖြူရဲတွေက ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်နှစ်ခုနဲ့ ပတ်သက်လို့ ဒေါသထွက်ခဲ့တဲ့ လူမည်းစစ်မှုထမ်းဟောင်းတဦးက ပြီးခဲ့တဲ့သီတင်းပတ်က Dallas မြို့မှာ လူဖြူရဲအရာရှိ ၅ ဦးကို ချောင်းမြောင်းပစ်သတ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံတဝှမ်းမှာ တရားဥပဒေထိန်းသိမ်းတဲ့ ရဲတွေကြား လူမျိုးရေးခွဲခြားတဲ့ စိတ်ဓာတ်ရှိတဲ့အကြောင်း အချေအတင် အငြင်းပွားမှုတွေ တိုးလာခဲ့တာဖြစ်ပါတယ်။

အခုလို ချောင်းမြောင်းပစ်သတ်ခံခဲ့ရတဲ့ ရဲအရာရှိ ၅ ဦးတို့အတွက် Dallas မှာ အင်္ဂါနေ့က ရည်စူးကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတဝှမ်း လူတွေအနေနဲ့ စိတ်ဝေဒနာ ခံစားနေကြရတယ်။ ဒီစိတ်ဝေဒနာ ခံစားမှုကနေ ခံနိုင်ရည်ရှိတဲ့စိတ်ဓာတ် ပေါက်ဖွားလာစေမှာ ဖြစ်တယ်လို့ တက်ရောက်လာတဲ့ ပူဆွေးသောက ရောက်နေကြသူတွေကို ပြောကြားရင်း ကျဆုံးခဲ့တဲ့ ရဲအရာရှိ ၅ ဦးတို့ကို ဂုဏ်ပြုခဲ့ပါတယ်။

“နိုင်ငံတဝှမ်းမှာရှိတဲ့ တခြား ရဲအရာရှိတွေနဲ့ ထပ်တူပါပဲ။ ကျဆုံးခဲ့ကြတဲ့ ဒီအမျိုးသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ နိုင်ငံအကျိုး သယ်ပိုးရေးအတွက် သန္ဓိဌာန်ခိုင်မာမှုကို မျှဝေခံစားကြတာ ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ အမေရိကန်နိုင်ငံအနေနဲ့ သွေးကွဲနေတယ်ဆိုတဲ့ အမြင်ခံရတာမျိုးကိုလည်း သူ့အနေနဲ့ လက်မခံကြောင်း ပြောခဲ့ပါတယ်။

“Dallas မြို့ခံတွေကို ကျနော် ပြောလိုတာက အခုလို ခံစားနေရတဲ့ စိတ်ဓာတ်ကျစရာ အခြေအနေအတွက် လက်မြှောက် အရှုံးမပေးပါနဲ့။ လူတွေထင်နေသလောက် ကျနော်တို့တတွေ သွေးမကွဲကြဘူးဆိုတာကို အလေးအနက်ပြောဖို့ ကျနော် ဒီကို ရောက်လာတာလည်း ဖြစ်ပါတယ်။ ဒီလို ပြောနိုင်တာကလည်း အမေရိကန်ပြည်ထောင်စုအကြောင်း ကျနော် ကောင်းကောင်းကြီး နားလည်ထားလို့ပါ။ လုံး၀ မကျော်လွန်နိုင်ဘူးလို့ ယူဆခဲ့တဲ့ အခက်အခဲတွေကို အတိတ်က ကျော်လွှားနိုင်ခဲ့လို့ ကျနော်တို့နိုင်ငံ အခုလို ခရီးပေါက်နိုင်ခဲ့တာ ဖြစ်တယ်ဆိုတာကိုလည်း ကျနော် သိထားလို့ပါ။”

အောက်မေ့ဘွယ် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို အမေရိကန်ဒုသမ္မတ Joe Biden အပြင် Texas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ် တချိန်က တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း George W. Bush လည်း တက်ရောက်ခဲ့ပါတယ်။ နိုင်ငံအနေနဲ့ စိတ်သောကရောက်နေတယ်။ ဝမ်းနည်းပူဆွေးနေကြတယ်ဆိုတာ မှန်ပေမဲ့ အစဉ်အမြဲတော့ ဒီနိုင်ငံသားတွေ ဖြစ်ကြတဲ့အတွက် ကျေးဇူးတင်ကြတာ ဖြစ်တယ်လို့ မစ္စတာ Bush က ပြောပါတယ်။

“ကျနော်တို့ဟာ တနိုင်ငံတည်းနေ၊ အနာဂတ်လည်းတူ ကံကြမ္မာလည်း တခုတည်းရှိကြတယ်ဆိုတာကို ကျနော်တို့အားလုံး နားလည်သဘောပေါက်ထားကြတာ ဖြစ်ပါတယ်။ ပူဆွေးသောကရောက်မှုတွေ ဆုံဆည်းရာ မဖြစ်စေချင်သလို၊ အကြောက်တရား စုစည်းရာနေရာလည်း မဖြစ်စေချင်ကြပါဘူး။ ကျနော်တို့အနေနဲ့ မျှော်လင့်ချက်၊ မေတ္တာ၊ ဂရုဏာနဲ့ မြင့်မားတဲ့ ရည်မှန်းချက် ပေါင်းဆုံရာနိုင်ငံ ဖြစ်စေချင်ကြတာ ဖြစ်ပါတယ်။”

Dallas မြို့ရဲ့ Morton Meyerson Symphony အဆောက်အဦးမှာကျင်းပခဲ့တဲ့ လူစည်ကားလှပြီး ဝမ်းနည်းဖွယ်ရာကောင်းလှတဲ့ အောက်မေ့ဘွယ် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ကျဆုံးခဲ့ကြတဲ့ ရဲအရာရှိ တဦးချင်းစီအတွက် ရည်စူးပြီး လွတ်နေတဲ့ ခုံ ၅ ခုံကို ထားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG