သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မလုပ်အားသုံး သွင်းကုန် ကန်တားမြစ်မည်


 မြန်မာရွှေ့ပြောင်း ရေလုပ်သားများ
မြန်မာရွှေ့ပြောင်း ရေလုပ်သားများ

အမေရိကန်သမ္မတ Barack Obama ထံ အခုသီတင်းပတ်အတွင်း ပေးပို့လိုက်တဲ့ ဥပဒေမူကြမ်းထဲမှာ ကျွန်တွေကို ခိုင်းစေပြီး ဖမ်းဆီးထားတဲ့ အာရှတိုက်က ငါးတွေ အမေရိကန်ပြည်ထောင်စုကို မတင်သွင်းရေးအပြင် အာဖရိကတိုက်အတွင်းက ရွှေတွင်းတွေမှာ ကလေးငယ်တွေကို ခိုင်းစေပြီး ရရှိလာတဲ့တွေရွှေတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေကို အဓမ္မခိုင်းစေပြီး ချုပ်ထားတဲ့ အဝတ်အထည်တွေ မတင်သွင်းရေး ဆိုတဲ့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်ပါတယ်။ သမ္မတ အိုဘားမားဟာ အဲဒီ ဥပဒေမူကြမ်းကို မကြာခင်မှာ လက်မှတ်ထိုး အတည်ပြုပေးမယ်လို့ ဆိုပါတယ်။

ဒီဥပဒေသစ်ဟာ ၈၅ နှစ်ကြာလာပြီဖြစ်တဲ့ အခွန်ကောက်ခံမှု ဥပဒေထဲက ယိုပေါက်အဖြစ် တည်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုပြင်ပမှာ ကလေးငယ်တွေနဲ့ အဓမ္မခိုင်းစေမှုတွေကို အသုံးပြု ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းလာမှုကို ဟန့်တားပေးမယ့် ဥပဒေလည်း ဖြစ်ပါတယ်။

အေပီသတင်းဌာနက မနှစ်က ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုအရ အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေအပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေရတာကို တွေ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်သွားကြပြီ ဖြစ်ပါတယ်။

အလားတူပဲ ထိုင်းကုမ္ပဏီတွေဟာ အလုပ်သမားတွေကို ကာလရှည်ကြာစွာ ဖမ်းဆီးထားပြီး ကျွန်အဖြစ် ခိုင်းစေပြီး ဖမ်းဆီးရမိတဲ့ ပင်လယ်စာတွေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းနေတယ်ဆိုတာကို အေပီသတင်းဌာနက စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီလို ဖော်ထုတ်မှုနောက်ပိုင်း ရေလုပ်သား ၂,၀၀၀ ကျော်ဟာ ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံနေရရာက ပြန်လည် လွှတ်မြောက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူမှောင်ခိုကူးသူတွေကို ဖမ်းဆီးမိခဲ့သလို ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းသင်္ဘောတွေနဲ့ ပင်လယ်စာတွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။

အဲဒီ ဥပဒေကြမ်းကို သမ္မတ အိုဘားမားက လက်မှတ်ထိုး အတည်ပြုပြီးရင်တော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အဓမ္မခိုင်းစေမှုတွေကတဆင့် ထုတ်လုပ် တင်သွင်းလာတဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၃၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စု အလုပ်သမားဌာနက စစ်ဆေးပြီး ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ထိပ်သီး ညီလာခံကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ အာရှတိုက်အတွင်း ကျွန်တွေဖမ်းဆီးမိတဲ့ ပင်လယ်စာတွေ တင်သွင်းမှုအပေါ် တားမြစ် ကန့်သတ်တဲ့ ဥပဒေမူကြမ်းကို သမ္မတ အိုဘားမားက လက်မှတ်ထိုးမယ့်သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG