သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လျှော့ချရေး ဘာလင် မိန့်ခွန်းမှာ အိုဘားမား တိုက်တွန်း


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဂျာမဏီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandanburg Gate မှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ကမ္ဘာတလွှား နျူကလီးယားလက်နက် ကင်းမဲ့ရေးလုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်မှု ၃ ပုံ ၁ ပုံ လျော့ချရေးအတွက် လုပ်ဆောင်သွားမှာဖြစ်သလို စစ်အေးခေတ်တုန်းက နျူကလီးယား ရန်သူတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ အနေအထားထက် ကျော်လွန်ပြီး ရပ်တည်ကြဖို့ ရုရှားနိုင်ငံနဲ့ ဆွေးနွေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်ဆောင်တာနဲ့ ခိုင်မာပြီး ဗျူဟာမြောက်တဲ့ ကာကွယ်ရေးစနစ်ကို ထိန်းသိမ်းထားတဲ့ တချိန်ထဲမှာပဲ နျူကလီးယား လက်နက်တွေကို လျှော့ချလို့ ရနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ အဆိုပြုချက်အရ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့အကြား ရရှိထားတဲ့ New START လို့ ခေါ်တဲ့ သဘောတူညီချက်ပါ သတ်မှတ်ချက်တွေထက် နျူကလီးယားထိပ်ဖူး ၃ ပုံ ၁ ပုံ လျှော့ချကြမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အဲဒီ သဘောတူညီချက်အရ အမေရိကန်နဲ့ ရုရှားတို့ ပိုင်ဆိုင်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူး အရေအတွက်ကို ၂၀၁၈ ခုနှစ် မတိုင်ခင် ၃ ပုံ ၁ ပုံလျော့ချကြရမှာ ဖြစ်ပါတယ်။

ရုရှားအစိုးရအနေနဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ်ကို အနှောက်ယှက်ခံမှာ မဟုတ်သလို ရုရှားရဲ့ နျူကလီးယား တပ်အင်အား ထိရောက်မှု လျော့ကျစေမယ့်ကိစ္စကို ခွင့်ပြုမှာဟုတ်ဘူးလို့ သမ္မတ အိုဘားမား ဘာလင်မြို့မှာ စကားမပြောခင်လေးမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ ဒီမိန့်ခွန်းဟာ ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း John F. Kennedy ဒီ Brandenburg Gate မှာပဲ “ကျနော်ဟာ ဘာလင်မြို့သားဖြစ်တယ်” လို့ သမိုင်းဝင်မိန့်ခွန်း ပြောကြားပြီး နှစ်ပေါင်း ၅၀ လောက်အကြာမှာ ပြောကြားတာလည်း ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလည်း အမေရိကန်သမ္မတ Ronald Reagan က အဲဒီအချိန်တုန်းက ဆိုဗီယက်ခေါင်းဆောင် Mikhail Gorvachev အနေနဲ့ “ဘာလင် တံတိုင်းကြီးကို ဖြိုချပေးပါ” လို့ တောင်းဆိုတဲ့ သမိုင်းဝင် မိန့်ခွန်းကို ပြောကြားခဲ့ပါသေးတယ်။
XS
SM
MD
LG