ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်းတခုအပေါ် အမေရိကန် အထူးတပ်ဖွဲ့ အနည်းငယ်က ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက် ခဲ့တာလို့ သမ္မတက အိမ်ဖြူတော်ကနေ တနင်္ဂနွေနေ့ ညဘက်မှာ တနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြော အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဘင်လာဒင်ကို အမေရိကန်တပ်တွေက သုတ်သင်ခဲ့တာဖြစ်ပြီး သူ့အလောင်းကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သမ္မတက ပြောပါတယ်။
အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးထဲမှာ ဒီတခါ စစ်ဆင်ရေးဟာ အထူးခြားဆုံး ဖြစ်တယ်လို့လည်း သမ္မတက ဖော်ပြပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို ယုံကြည်လေးစားသူတိုင်းက ဘင်လာဒင်ရဲ့ ကျဆုံးမှုကို ကြိုဆိုသင့်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တရားမျှတမှုနဲ့အညီ အရေးယူနိုင်ခဲ့ပြီလို့လည်း အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။
အခြေအနေကို ရှင်းလင်းပွဲမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်လို့ ဖော်ပြ ပြောဆိုခဲ့ပါတယ်။
ဘင်လာဒင်ကို ချေမှုန်းမယ့် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်နိုင်ငံကိုမှ မပြောခဲ့သလို အမေရိကန် အစိုးရထဲမှာလည်း ဒီအစီအစဉ်ကို ကြိုတင်သိသူ အနည်းငယ်သာ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဘင်လာဒင် နေထိုင်နေတဲ့ ခြံဝန်းဟာ စစ်ဆေးရေးဂိတ် ၂ ခုရှိရုံမက သံဆူးကြိုးတွေ တင်ထားတဲ့ ၁၀ ပေလောက်မြင့်တဲ့ ခြံတံခါးနဲ့ အင်မတန် လုံခြုံတဲ့ ခြံဖြစ်တယ်လို့ တာဝန်ရှိသူက ဖော်ပြ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရအပြီး ၁၀ နှစ်နီးပါး အကြာမှာ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်လာဒင်ဟာ မွတ်ဆလင် ခေါင်းဆောင်တယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူဟာ မွတ်ဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သူ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
ပါကစ္စတန် ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဘင်လာဒင် ဘယ်မှာရှိတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး လုပ်ဖို့ကို သူကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။