သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး


နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား ဘယ်လိုပြောလိုက်တာပါလဲ။ ဦးကျော်ဇံသာက အပြည့်စုံ တင်ပြထာပါတယ်။

“ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အားပေးနိုင်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို တိုးတက်လာနိုင်တယ် ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ သမ္မတ ဦးသိန်းစိန်နဲ့ရော ဆက်သွယ် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ရာစုဝက်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဓိက အချက်တစ်ခုကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်ပြီး နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့် ရရှိလာရေးပဲ ဖြစ်ပါတယ်။ အဲဒီကစပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ရေး အပါအဝင် အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။

ကေအဲန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာလည်း အရေးပါတဲ့ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် ချီးကျူးထောပနာ ပြုပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိက ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး အစိုးရနဲ့ ဆက်လက် ဆွေးနွေးမယ်ဆိုတဲ့အတွက်လည်း ကျနော် ဝမ်းမြောက်ဝမ်းသာ ရှိရပါတယ်။

အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံး နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်လုပ်ဆောင်ခွင့် ပြုဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို လွှတ်ပေးဖို့လည်း ကျနော် တိုက်တွန်းလိုက်ပါတယ်။ ကျနော် အင်ဒိုနီးရှားမှာတုန်းက မြန်မာနိုင်ငံမှာ တိုးတက်မှု အလင်းစလေး ပေါ်ထွက်လာတာ တွေ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒီနေ့အခါမှာ အဲဒီအလင်းစဟာ ပိုမို တောက်ပလာခဲ့ပါပြီ။ အကျဉ်းသားတွေဟာ သူတို့ မိသားစုတွေ၊ သူတို့ပြည်သူတွေနဲ့အတူ ဆုံဆည်းပြီး ဒီမိုကရေစီ ရှေ့ခရီးကို မြင်တွေ့လာရပါပြီ။

မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အများကြီး ဆက်လက် လုပ်ဆောင်သွားကြရဦးမှာ ဖြစ်ပေမဲ့ ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် အခွင့်အလမ်းကို လက်မလွှတ်ရအောင် မြန်မာအစိုးရနဲ့ရော၊ မြန်မာပြည်သူတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဟီလာရီကလင်တန်နဲ့အတူ ကျနော့်ရဲ့ အစိုးရအဖွဲ့ကို ကျနော် ညွှန်ကြားထားပါတယ်။

လူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကျနော် ဆက်လက် ထောက်ခံသွားပါမယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့အတွက် အစိုးရက ရှေ့တိုး ဆောင်ရွက်လာတာနဲ့အမျှ ကျနော်တို့ ပူပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

XS
SM
MD
LG