သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ပင်ညဲရိုး ဝေဖန်


အမေရိကန်သမ္မတ အိုဘားမား ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ်ကျင့်သုံးထားတဲ့ မူဝါဒဟာ အောင်မြင်မှုမရှိဘူးလို့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်ဟောင်း တဦးက ဝေဖန်လိုက်ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာရုံစူးစိုက်စွာနဲ့ ရှေ့တန်းတင်ပြီး အလေးအနက်ထား မဆောင်ရွက်သရွေ့ မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ ပါမောက္ခ ပေါ်လိုဆာဂျေယို ပင်ညဲရိုးက ပြောခဲ့တာပါ။ သူ့ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး အသေးစိတ်သိရအောင် ပါမောက္ခ ပင်ညဲရိုးကို ဆက်သွယ် မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။

Obama’s failure in Burma ဆိုတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဟာ အောင်မြင်မှု မရှိဘူးလို့ ပါမောက္ခ ပေါလ် ဆာဂျေယို ပင်ညဲရိုး က ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ အာဘော် ဆောင်းပါးတစောင် ရေးပြီး ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ၈ နှစ်ကြာ အမှုထမ်း ခဲ့တဲ့ ပါမောက္ခ ပင်ညဲရိုးက သမ္မတ အိုဘားမား အစိုးရဟာ တခြား ကမ္ဘာ့ဒေသတွေနဲ့စာရင် မြန်မာ့အရေးကို ရှေ့တန်းတင်ပြီး ဦးစားပေး လုပ်ဆောင်တာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ သူက ပြောခဲ့ပါတယ်။

“အခုချိန်ထိ သမ္မတ အိုဘားမား က မြန်မာနိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ အထူး သံအရာရှိ ခန့်အပ်မှု မရှိသေးတဲ့အပေါ် ကျနော် အင်မတန် စိတ်ပျက်ပါတယ်။ အမေရိကန်နိုင်ငံခြား ဆက်ဆံရေးမှာ ကဏ္ဍတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးကို အာရုံစူးစိုက်ပြီး ဦးစားပေး အလေးအနက် မဆောင်ရွက်သရွေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် အောင်မြင်မှု ရရှိနိုင်မှာ မဟုတ်ပါဘူး။”

မစ္စတာ အိုဘားမား သမ္မတ ဖြစ်လာတဲ့အခါတုန်းက အမေရိကန် အစိုးရအနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ Multi-nationalism တခြားနိုင်ငံတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လာမယ့် အပေါ်မှာ နိုင်ငံတကာ တသိုက်အဝန်းက မျှော်လင့်စောင့်စား နေခဲ့ကြတယ်လို့ ပါမောက္ခ ပင်ညဲရိုး ရဲ့ ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ် ကျင့်သုံးတဲ့အခါမှာ တရုတ်၊ ရုရှားနဲ့ အာဆီယံတို့ မပါဘဲနဲ့ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့တဲ့အပေါ်မှာတော့ မစ္စတာ ပင်ညဲရိုးက ဘဝင်မကျပါဘူး။

အခုလို သမ္မတ အိုဘားမား ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ အောင်မြင်မှု မရှိဘူးဆိုရင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် အမေရိကန် အစိုးရက ဘယ်လိုများ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ မေးခွန်းကိုတော့ ပါမောက္ခ ပင်ညဲရိုးက အချက် ၃ ချက်နဲ့ အကြံပြု တိုက်တွန်းပါတယ်။

“ပထမ အချက်က အမေရိကန်အစိုးရ အနေနဲ့ တခြား နိုင်ငံတွေနဲ့ ညှိနှိုင်း လုပ်ဆောင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အာဆီယံ နိုင်ငံတွေနဲ့လဲ ပူးပေါင်း ဆောင်ရွက်ရပါလိမ့်မယ်။ အမေရိကန် တနိုင်ငံထဲ စစ်အစိုးရနဲ့ ဆက်ဆံလို့ မရပါဘူး။ အခု နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် ဗီယက်နမ်ကို ရောက်နေတာ ကျနော် ဝမ်းသာပါတယ်။

“ဒုတိယ အချက်ကတော့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့အရေးကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ လိုပါတယ်။ အမေရိကန် မူဝါဒမှာ မြန်မာ့အရေးဟာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာ အောင်မြင်မှုရဖို့ သိပ်ခက်ခဲစေပါတယ်။

“နောက်ဆုံးတချက်ကတော့ အမေရိကန်က မြန်မာ့အရေးကို ရှေ့တန်းတင် ဆောင်ရွက်မှု မရှိပါဘူး။ မြန်မာ့အရေးကို ဦးစားပေး မဆောင်ရွက်သေးသရွေ့ အပြောင်းအလဲအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။”

တဆက်တည်းမှာပဲ ပါမောက္ခ ပင်ညဲရိုးက အခုပုံစံအတိုင်းဆိုရင် စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်၊ ဒါကြောင့်မိုလို့ အမေရိကန် အစိုးရအနေနဲ့ ဗီယက်နန်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ဒေသတွင်း အစည်းအဝေးကို တက်ရောက်တဲ့အခါမှာ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်ကြဖို့ တိုက်တွန်းသင့်တယ်လို့ သူက အကြံပြုပါတယ်။

“ဒါဟာ ရွေးကောက်ပွဲ အစစ်အမှန် မဟုတ်ပါဘူး။ အတုအယောင်သာ ဖြစ်ပါတယ်။ ဒါဟာ အာဏာရှင် အုပ်ချုပ်ရေး တရားဝင် ဖြစ်သွားဖို့ စီမံထားတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်လိုက်လို့ရော ဘာအကျိုးရလဒ် ရှိမလဲ ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီပုံစံအတိုင်းဆိုရင် ရွေးကောက်ပွဲကို လုံး၀ လက်ခံနိုင်ဖွယ် မရှိဘူးဆိုတာကိုတော့ ပြောချင်ပါတယ်။”

ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလာနိုင်ဖို့ဆိုရင် အတိုက်အခံတွေကို ပါဝင်ခွင့် ပေးရမှာအပြင် ပွင့်လင်းမြင်သာတဲ့ နိုင်ငံတကာက စောင့်ကြည့် အကဲဖြတ်သူတွေကိုလဲ ခွင့်ပြုရမှာ ဖြစ်တဲ့အကြောင်း ပါမောက္ခ ပင်ညဲရိုး က ပြောပါတယ်။ မြန်မာစစ်အစိုးရက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်မရောက် စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းဖို့အတွက် အခုလက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား အကြံပြုတဲ့အတိုင်း လက်တွေ့မှာ ဖြစ်လာဖို့အတွက် အမေရိကန်အစိုးရ အနေနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ပါမောက္ခ ပင်ညဲရိုးက အကြံပြုပါတယ်။

စစ်အစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတာကြောင့် အမေရိကန် သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန်တို့အနေနဲ့ အချိန် သိပ်မရှိကြောင်း၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို တကယ် လိုချင်တယ်ဆိုရင် အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အာရုံစူးစိုက်စွာနဲ့ ဦးစားပေးပြီး ရှေ့တန်းတင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပါမောက္ခ ပင်ညဲရိုးက အကြံပေး တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG