သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အမေရိကတိုက် ခေါင်းဆောင်ထိပ်သီးညီလာခံ အိုဘားမားတက်ရောက်


ကနေဒါနိုင်ငံ Ottawa မြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ မြောက်အမေရိကတိုက် ခေါင်းဆောင်များရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီနိုင်ငံတို့က ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကုန်သွယ်ရေးအကာကွယ် ယူမှုများနဲ့ ကမ္ဘာမှုပြုရေး ဆန့်ကျင်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်လိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့မှာ ကုန်သွယ်ရေး သဘောတူညီချက်တွေအပေါ် တိုက်ခိုက် ဝေဖန်မှုတွေ ပေါ်ပေါက်နေချိန်မှာ အမေရိကန်သမ္မတ Barack Obama၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ မက္ကဆီကို သမ္မတ Enrique Pena Nieto တို့ ၃ ဦးဟာ သက်တမ်းအားဖြင့် ၂၂ နှစ် ရှိလာပြီဖြစ်တဲ့ NAFTA မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်နဲ့အညီ လွတ်လပ်စွာ ကုန်သွယ်မှုတွေက ရရှိတဲ့ အကျိုးရလဒ်တွေကို ချီးကျူးခဲ့ကြပါတယ်။

ခေါင်းဆောင် ၃ ဦးစလုံးက NAFTA သဘောတူညီချက်ကို ထောက်ခံကြပြီး ၃ နိုင်ငံပေါင်းရဲ့ ကုန်သွယ်မှုဟာ ကမ္ဘာ့ကုန်သွယ်ရေး စုစုပေါင်းရဲ့ ၂၇% နီးပါး ရှိပါတယ်။

သမ္မတ Obama အနားမယူခင် ကျင်းပတဲ့ ဒီထိပ်သီးစည်းဝေးပွဲဟာ ဝမ်းနည်းမိကြောင်း ကနေဒါဝန်ကြီးချုပ် Trudeau က ပြောပါတယ်။ ခေါင်းဆောင် ၃ ဦးဟာ တဦးနဲ့တဦး ခင်မင် ရင်းနှီးကြကြောင်းနဲ့ အပြန်အလှန် လေးစားသမှုရှိတဲ့အကြောင်း ပြောကြားလိုက်တဲ့အတွက် Three Amigos လို့ သတင်းမီဒီယာတွေမှာ တင်စားခေါ်ဆိုနေကြတဲ့ သူငယ်ချင်း ၃ ယောက်ဆိုတဲ့ အသုံးအနှုန်းကို ထပ်လောင်း အတည်ပြုပေးလိုက်သလို ဖြစ်နေပါတယ်။

မြောက်အမေရိကတိုက် ခေါင်းဆောင် ၃ ဦးဟာ Trans-Pacific Partnership လို့ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်း ဒေသနိုင်ငံများ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အကြောင်းအပြင် သူတို့ တနိုင်ငံချင်းစီမှာ ဒီစာချုပ်ကို ဘယ်လို နည်းလမ်းတွေနဲ့ အတည်ပြုနိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump က ကန့်ကွက်ထားသလို ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်လာမယ့် Hillary Clinton ကတော့ အဲဒီ သဘောတူညီချက်ဟာ စံပြ ကုန်သွယ်ရေး သဘောတူညီချက်အဖြစ် အစောပိုင်းမှာ ပြောဆိုထားပေမဲ့ နောက်ပိုင်းမှာ ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။

မြောက်အမေရိကတိုက် ခေါင်းဆောင်ထိပ်သီးညီလာခံ အိုဘားမားတက်ရောက်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG