သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရလုပ်ငန်း တစိတ်တပိုင်းရပ်ဆိုင်း


အောက်တိုဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ရမယ့် အသုံးစရိတ် ချထားပေးဖို့ တင်သွင်းတဲ့ အဆိုတရပ်ကို အမေရိကန်လွှတ်တော် ၂ ရပ်စလုံးက သဘောမတူနိုင်ကြတဲ့အတွက် အခု အမေရိကန်နိုင်ငံမှာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရလုပ်ငန်း တစိတ်တပိုင်းကို ရပ်ဆိုင်းပစ်လိုက်ရပြီ ဖြစ်ပါတယ်။

သောင်းနဲ့ချီရှိတဲ့ ဗဟိုအစိုးရဝန်ထမ်းတွေ ဒီကနေ့ အလုပ်ဆင်းကြရာမှာ အစိုးရပိတ်တဲ့အတွက် အိမ်ပြန်ကြဖို့ ညွှန်ကြားခြင်း ခံကြရပါတယ်။ မရှိမဖြစ်တဲ့ အစိုးရအမှုထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဆက်လုပ်ကိုင်ကြရပေမဲ့လို့ ဘယ်တော့လစာ ရရှိကြမယ်ဆိုတာကိုတော့ အသေအချာ မသိကြပါဘူး။

Obamacare လို့ လူသိများကြတဲ့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေအတွက် အစိုးရအသုံးစရိတ် ဥပဒေမူကြမ်းကို တနင်္လာနေ့မှာ ရီပတ်ပလစ်ကန် ပါတီဝင်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော်အမတ်တွေက ၃ ကြိမ်တိုင်တိုင် အတည်ပြုပေးခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေ ဦးဆောင်တဲ့ အထက်လွှတ်တော်ကနေ ၃ ကြိမ်တိုင်တိုင် ပယ်ချခဲ့တာပါ။

တနင်္လာနေ့ည သန်းခေါင်ယံမတိုင်ခင်လေးတင်က အိမ်ဖြူတော် ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Sylvia Burwe က အစိုးရဌာနတွေအနေနဲ့ စနစ်တကျ လုပ်ငန်းရပ်ဆိုင်းမှုအစီအစဉ်တွေ ပြုလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အစိုးရပိတ်မယ့် လုပ်ငန်းတွေထဲမှာ ဗွီအိုအေအမေရိကန်အသံရဲ့ အသံလွှင့်လုပ်ငန်းတွေ ထိခိုက်မှာ မဟုတ်ပေမဲ့ အစိုးရအမှုထမ်းပေါင်း (၈) သိန်းလောက်ဟာ အလုပ်မဆင်းဘဲ နေကြရမှာ ဖြစ်ပါတယ်။


အပန်းဖြေပန်းခြံတွေ၊ ကူးသန်းသွားလာမှု လုံခြုံရေးအတွက် တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေနဲ့ ကာကွယ်ရေးှဌာန လက်အောက်မှာ လုပ်ကိုင်နေတဲ့ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် သက်ရောက်မှု ရှိနေပါတယ်။ အမိမြေလုံခြုံရေး ဝန်ထမ်းတွေနဲ့ နယ်စပ်ဒေသ လုံခြုံရေး တာဝန်ခံရုံးတွေအပြင် တခြားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ်ကတော့ တာဝန်ဆက်ထမ်းဆောင်နေရမှာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်နေတာလိုမျိုး အမေရိကန်နိုင်ငံရဲ့ လုပ်လက်စ စစ်ရေးလှုပ်ရှားမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အင်္ဂါနေ့မနက် အစောပိုင်းမှာ ဗွီဒီယိုကတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းတွေ လုပ်ခလစာ အချိန်မီရစေဖို့ မူကြမ်းတစ်ရပ်ကိုလည်း သူ ဥပဒေအဖြစ် လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိတယ်လို့ သမ္မတက ပြောပါတယ်။ ဒါ့အပြင် အစိုးရလုပ်ငန်း ပြန်လည်ပုံမှန်လည်ပတ်နိုင်ရေးအတွက် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း သမ္မတက ကတိပေးခဲ့ပါတယ်။
XS
SM
MD
LG