သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရလုပ်ငန်း ရပ်ဆိုင်းတဲ့အခြေဆိုက်ရင် တာဝန်မဲ့ရာရောက်မယ်လို့ အိုဘားမားသတိပေး


အစိုးရအသုံးစရိတ်မူကြမ်းအတည်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းနေတဲ့ သမ္မတအိုဘားမား။ (စက်တင်ဘာ ၃၀၊ ၂၀၁၃)
အစိုးရအသုံးစရိတ်မူကြမ်းအတည်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းနေတဲ့ သမ္မတအိုဘားမား။ (စက်တင်ဘာ ၃၀၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်က အစိုးရ အသုံးစရိတ်အတည်မပြုနိုင်လို့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်ဆိုရင် ဒါဟာ အဆုံးစွန် တာဝန်မဲ့ရာရောက်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ ဆောင်ရွက်ချက်တွေကို ကမောက်ကမ ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။ လွှတ်တော်အနေနဲ့ အစိုးရအသုံးစရိတ်မူကြမ်းကို အတည်ပြုပေးဖို့ သမ္မတက တနင်္လာနေ့ မွန်လွဲပိုင်းက ပန်ကြားခဲ့တာပါ။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်ဆိုရင် တနိုင်ငံလုံးကပါ ထိခိုက်သက်ရောက်မှုရှိလိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်သွားမယ်ဆိုရင် ဖက်ဒရယ်ဝန်ထမ်းတွေကို လစာမပေးနိုင်ရုံတင်မဟုတ်တော့ပဲ၊ မဖြစ်မနေ အသက်ရှင်ရပ်တည်ရေး အစိုးရဝန်ဆောင်မှုအပေါ်မှာ မှီနေရတဲ့ နိုင်ငံသားတွေအတွက်လည်း သက်ရောက်ထိခိုက်မှုရှိမယ်လို့ ပြောပါတယ်။

ဒီနေ့နေလည်ပိုင်းမှာပဲ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဆိုင်းထားလိုက်တဲ့ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်း အောက်လွှတ်တော်ရဲ့ အတည်ပြုထားတာကို အထက်လွှတ်တော်ကတော့ လက်မခံ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် အစိုးရအသုံးစရိတ်ကို အခု အမေရိကန်စံချိန်တနင်္လာနေ့ သန်းခေါင်ယံအထိ လွှတ်တော်နှစ်ရက်က အတည်မပြုနိုင်ရင် အစိုးရလုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေ သေချာလု နီးပါးဖြစ်လာပါတယ်။

အောက်လွှတ်တော်က အတည်ပြုထားတဲ့ အစိုးရအသုံးစရိတ်ဥပဒေကြမ်းကို အထက်လွှတ်တော်ကနေ ၅၄ မဲ၊ ၄၆ မဲနဲ့ ပယ်ချလိုက်ပြီး အဲဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်ထံ ပြန်ပို့လိုက်ပါတယ်။ အောက်လွှတ်တော်ဘက်က အခု တနင်္လာနေ့ ညသန်းခေါင်အထိ အတည်မပြုနိုင်ဘူးဆိုရင်တော့ မဖြစ်မနေ အရေးကြီးတဲ့ အစိုးရလုပ်ငန်းတွေကလွဲပြီး ကျန်အစိုးရလုပ်ငန်းအားလုံး စတင်ရပ်နားရမှာဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ မဲမခွဲခင်ကတော့ သမ္မတအိုဘားမားက အစိုးရလုပ်ငန်းတွေ ရပ်နားသွားရမယ့်အခြေအနေကို တားဖို့ သူ့အနေနဲ့ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လွှတ်တော်ခေါင်းဆောင်တွေနဲ့ သူဆွေးနွေးမှာဖြစ်ပြီး လူတိုင်းဟာလည်း စိတ်ကောင်းစေတနာနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပြောသွားပါတယ်။ အိုဘားမားcare လို့ လူသိများတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဟာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေ၊ ကျန်းမာရေးအာမခံမရှိတဲ့ မိသားစုတွေ လူပုဂ္ဂိုလ်တွေအတွက် ကျန်းမာရေးဆိုးဝါးတဲ့အခါ ပြည်ထောင်စုအစိုးရကနေ အကူအညီပေးဖို့ မူဝါဒဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီပတ်ဘလီကင်တွေကတော့ ဒီအစီအစဉ်ကြောင့် လူတွေ အခွန်အတုတ်ပိုပေးရမှာဖြစ်သလို စီးပွားရေးလုပ်ငန်းငယ်တွေကိုလည်း သူတို့ဝန်ထမ်းတွေအတွက် ကျန်းမာရေးအစီအစဉ် မဖြစ်မနေ ဆောင်ရွက်ပေးဖို့ဆိုတာတွေကြောင့် စီးပွားရေးကို ထိခိုက်စေလိမ့်မယ်ဆိုပြီး ဝေဖန်ကြပါတယ်။
XS
SM
MD
LG