သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့ ပြောင်းလဲဖွဲ့စည်း

အိုဘားမားရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့ ပြောင်းလဲဖွဲ့စည်း
အိုဘားမားရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့ ပြောင်းလဲဖွဲ့စည်း

အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်တွေအတွက် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အပြောင်းအလဲတွေကို ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

အနားယူတော့မယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) နေရာမှာ အစားထိုး ခန့်အပ်ဖို့အတွက် အမေရိကန် ထောက်လှမ်းရေး CIA ရဲ့ အကြီးအကဲ လီယွန် ပန်နက်တာ (Leon Panetta) ကို သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ မစ္စတာ ပန်နက်တာရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ စီမံခန့်ခွဲမှုစွမ်းရည် ထက်မြက်မှုဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး တဦး ဖြစ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတယ်လို့ သမ္မတ အိမ်ဖြူရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မစ္စတာ ပန်နက်တာဟာ အမေရိကန်နိုင်ငံရဲ့ အစွန်းရောက် အကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ဆောင်နေမှုမှာ ပြတ်ပြတ်သားသား ပါဝင် လုပ်ဆောင်ခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။

မစ္စတာ ပန်နက်တာရဲ့ CIA အကြီးအကဲ ရာထူးအတွက် လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရေး တာဝန်ယူ ကြီးကြပ်နေတဲ့ အမေရိကန် တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယာ့စ် (David Petraeus) ကို သမ္မတ အိုဘားမားက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရီးယာ့စ်ဟာ ဗျူဟာမြောက် တွေးခေါ် ကြံဆသူတွေထဲမှာ ထိပ်တန်းပုဂ္ဂိုလ်တဦး ဖြစ်သလို အကောင်းဆုံး စစ်ဘက်အရာရှိ တဦးအဖြစ် ရာဇဝင်တွင်မယ့်သူတဦး ဖြစ်ပြီး အရှေ့အလယ်ပိုင်း အရေးနဲ့ အာဖဂန်အရေးကို ထဲထဲဝင်ဝင် နားလည် ကျွမ်းဝင်သူတဦး ဖြစ်တယ်လို့လည်း သမ္မတက အမွှမ်းတင်ပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရီးယာ့စ် နေရာအတွက် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က မရိမ်းတပ်ဖွဲ့ ဒု-ဗိုလ်ချုပ်ကြီး ဂျွန် အလန် (John Allen) ကို ရွေးချယ်လိုက်သလို ဝါရင့်သံတမန် ရိုင်ယန် ခရော့ကာ (Ryan Crocker) ကိုတော့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။

အခုရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ် ၄ ဦးဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပြီး အရေးပေါ် စိန်ခေါ်မှု မှန်သမျှကို ဖြေရှင်းနိုင်မယ့်သူတွေလို့လည်း သမ္မတက ပြောပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG