သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းရေး အိုဘားမားတိုက်တွန်း


အင်္ဂါနေ့က Clinton Global Initiative မှာ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားစဉ်
အင်္ဂါနေ့က Clinton Global Initiative မှာ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားစဉ်

ပြည်သူတွေအနေနဲ့ သူတို့ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ကိုယ်တိုင်ရွေးချယ်နိုင်မှာသာ၊ အစိုးရအုပ်ချုပ်မှုဟာ ပိုပြီး ထိရောက်သလို ပိုပြီးတော့လည်း တာဝန်ယူမှု ရှိလိမ့်မယ်လို့ သမ္မတ အိုဘားမားက Clinton Global Initiative မှာ မနေ့တုန်းက ပြောဆိုသွားပါတယ်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်အတွက် Civil Society လို့ခေါ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့ အရေးကြီးကြောင်းနဲ့ ဒီအတွက်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အလေးထားပြီး ကူညီထောက်ပံ့မှုတွေ ပေးဖို့ သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ပါတယ်။

“ဆီနီဂေါနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေတဲ့ နှစ်လိုဖွယ်ရာ တတ်ကြွလှုပ်ရှားသူတဦး တွေ့ဖူးပါတယ်။ အာဖရိကတိုက် နိုးထလာဖို့အတွက် ကူညီဆောင်ရွက်နေတဲ့ အာဖရိကန် လူငယ်တွေနဲ့ ဆုံဖူးပါတယ်။ လွတ်လပ်ပြီး အချုပ်အချာပိုင်တဲ့ အနာဂတ် တိုင်းပြည်ထူထောင်ဖို့ စိတ်ကူးနေတဲ့ ရာမလာမှာရှိတဲ့ ပါလက်စတိုင်း လူငယ်တဦးရဲ့ မျှော်လင့်ချက်ကို တွေ့ဖူးပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ ထိုင်ပြီး စကားလက်စုံ ကျခဲ့ဖူးပါတယ်။ ဒီလူတွေကိုကြည့်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းဟာ ဘယ်လောက်အရေးပါသလဲ ဆိုတာကို အမှတ်ရစေပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောနိုင်မယ်၊ အစိုးရကို ကိုယ်တိုင်ရွေးချယ်နိုင်မှသာ အစိုးရအုပ်ချုပ်မှု ထိရောက်ပြီး တာဝန်ခံမှု ရှိလာမှာပါ။”

CGI နှစ်ပတ်လည် ညီလာခံအတွင်း သမ္မတ အိုဘားမားက ပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီ လူမှုအသိုင်းအဝိုင်းတွေ ဖြစ်လာအောင် ကူညီထောက်ပံ့မှုတွေနဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာ အပါအဝင် နိုင်ငံတကာမှာရှိနေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းအပေါ်မှာ တားဆီးကန့်သတ်မှုတွေကို ကာကွယ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

XS
SM
MD
LG