သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူချက် အိုဘားမား ချီးကျူး


ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျူးပြောဆို။
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျူးပြောဆို။

ပြင်သစ်နိုင်ငံ ပါရီ မြို့တော်မှာ ကျင်းပတဲ့ ကုလ ရာသီဥတု ဆိုင်ရာ ညီလာခံကနေ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်တခု ရရှိလိုက်တာဟာ ကမ္ဘာကြီး အတွက် အလားအလာကောင်းတဲ့ အလှည့်အပြောင်းအခု အဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျူးပြောဆိုပါတယ်။

အခု သဘောတူညီချက်နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ အကောင်းဆုံး အခွင့်အလမ်းကောင်း ဖြစ်ပါတယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုပါတယ်။ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်ဟာဆိုရင် နိုင်ငံပေါင်း ၂၀၀ နီးပါးတို့က ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပြီး ရာသီဥတု ပြောင်းလဲမှု စိန်ခေါ်ချက်တွေကို ဖြေရှင်းလုပ်ဆောင်လိုစိတ်ရော ဖြေရှင်းလုပ်ဆောင်နိုင်စွမ်းကိုပါ သက်သေပြသလိုက်တာ ဖြစ်တယ်လို့ မနေ့ စနေနေ့က ၈ မိနစ်ကြာ ကြေညာချက်မှာ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ ခိုင်မာတဲ့ သဘောတူညီချက် တခုကို ကျနော်တို့ အားလုံး ချဉ်းကပ်ခဲ့ကြပြီး သဘောတူညီနိုင်ခဲ့ကြတာ ဖြစ်တယ်လို့လည်း မနေ့ စနေနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ အစိုးရအဖွဲ့ရုံးခန်းမှာ သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီသဘောတူညီချက်မှာ ကမ္ဘာကြီး ပူနွေးလာမှုနှုန်းကို ၂ ဒီဂရီ စင်တီဂရိတ်အောက်မှာ ထိန်းချုပ်ထားဖို့ ရည်မှန်းချက် သတ်မှတ်ထားပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနေနဲ့ စက်မှုလုပ်ငန်းတွေ မတိုင်ခင် နဂိုရှိခဲ့တဲ့ ဒေသတွင်း အပူချိန်တွေကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုတိုးမလာစေရေး ကန့်သတ်လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။”

ဒီစာချုပ် အရ လာမယ့် ၂၀၂၀ ပြည့်နှစ်ကစလို့ နိုင်ငံအားလုံးတို့က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်တွေကို ၅ နှစ်တခါ အစီရင်ခံကြရမှာလည်း ဖြစ်ပါတယ်။ အခု သဘောတူညီချက်မှာ သတ်မှတ်ပြဌာန်းထားတဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စနစ်အရ နိုင်ငံတွေရဲ့ ကာဗွန် ထုတ်လွှတ်မှု တခုတည်းတင်မဟုတ်ဘဲ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်နေတဲ့ အရင်းအမြစ်တွေကိုပါ တွေ့ရမှာ ဖြစ်သလို ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဖော်ထုတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG